Home
မြန်မာသတင်း
ရေစကြို၊ မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
May 18, 2023
Screenshot 2023-05-18 144508
347789788_6062514803847152_5887894831982028602_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြည့်ကန်ကျေးရွာနားမှာ မေ ၁၇  ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်သား ၈၀ လောက်ပါလာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်း ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဇီးတောပျူကျေးရွာကနေ ဆင်ချောင်းပျူကျေးရွာကို ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို ပဒေသာမိုင်း ၁၀ လုံး အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မိုင်းက ဆယ်လုံးတွဲ ပဒေသာပေါ့နော်၊ ကျနော်တို့ အနီးကပ်ရှော့တိုက်ပြီးခွဲခဲ့တာ။ စစ်ကား ၃ စီး ယာဥ်တန်းမှာ နောက်နှစ်စီး ထိတယ်၊ ကားကို ချက်ချင်းမောင်းထွက်သွားတော့ ကားပျက်စီးမှုတော့ မသိရဘူး။” 

စစ်ကောင်စီတပ်ယာဥ်တန်း ၃ စီးက မိုင်းမခွဲခံရခင်ကတည်းက သေနတ်တွေ ပစ်ဖောက်လာခဲ့ပြီး မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ​ပြီးနောက် ကားပေါ်ကနေ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ထပ်မံပစ်ခတ်သွားခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိဘူးလို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၁၇ ရက် ညနေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၈ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် သရက်ခွရွာ ပျူစောထီးစခန်း မြောက်ဘက်ဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀ ယောက်လောက်ကို မနေ့ မေ ၁၇ ရက် ညနေ ၅ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အလစ်အငိုက် တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က လက်နက်ကြီး အလုံး ၃၀ လောက်နဲ့ ည ၇ နာရီ ၂၈ မိနစ်အထိ အချိန် ၂ နာရီကျော်လောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးတာကို မျက်မြင်တွေ့ရှိရပြီး အတွင်းသတင်းအရ ၈ ယောက် သေတယ်လို့ သိရတယ်။”

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကိုအောင်ကြီးအဖွဲ့၊ စကြာအဖွဲ့ (ပေါက်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024