
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ ပါတီနိုင်ငံရေးအကြောင်းအရာနဲ့ နိုင်ငံရေးအကြောင်းတွေကို ထည့်သွင်းသင်ကြားတာတွေနဲ့ ဟောပြောပို့ချတာတွေလုပ်ရင် ထောင်ချမယ့် အချက်ပါဝင်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပါတယ်။
အရင်အစိုးရလက်ထက်မှာ လွှတ်တော်ကိုတင်ပြထားတဲ့ ပုဂ္ဂလိက ပညာရေးဥပဒေအစား အာဏာသိမ်းစစ်ကောင်စီ စိတ်ကြိုက်ရေးစွဲထားတဲ့ ပုဂ္ဂလိက ပညာရေးဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုထုတ်ပြန်ထားပါတယ်။
အဲဒီဥပဒေမှာ ပုဂ္ဂလိကကျောင်းတွေ စတင်တည်ထောင်ချိန်မှစတင်ကာ သင်ရိုးညွှန်းတမ်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ပါတီနိုင်ငံဆိုင်ရာ အကြောင်းအရာတွေ မသင်အောင်ကြပ်မတ်ရမယ်လို့ ဖော်ပြထားသလို နိုင်ငံတော်မူဝါဒနဲ့ဆန့်ကျင်တဲ့ ပါတီနိုင်ငံရေးအကြောင်းအရာတွေနဲ့ နိုင်ငံရေးအကြောင်းတွေကို ထည့်သွင်းသင်ကြားတာ၊ ဟောပြောတာတွေမလုပ်ရဘူးလို့ ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။
အဆိုပါအချက်ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ်အနည်းဆုံး ၆ လကနေ ၁ နှစ်အထိဖြစ်စေ၊ကျပ် သိန်း ၃၀ ကနေ ကျပ် သိန်း ၅၀ အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံစေရမယ်လို့လည်း သတ်မှတ်ထားပါတယ်။
အရင်က ပညာရေးဥပဒေတွေကို ရေးဆွဲမယ်ဆိုရင် ကျောင်းသားကိုယ်စားလှယ်၊ ဆရာကိုယ်စားလှယ်၊ ပညာရေးဌာန၊ မိဘ စတဲ့ အလွှာအသီးသီးကို ဖိတ်ခေါ်ညှိနှိုင်းကာ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်ပြဆွေးနွေးပြီးမှသာ ပြဋ္ဌာန်းခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်အာဏာရှင်စိတ်ကြိုက် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ၁၆ ကျောင်းဟာ နိုင်ငံရေးနဲ့ ငြိစွန်းတာနဲ့ မပြည့်စုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းဖွင့်ခွင့်ပိတ်သိမ်းခံခဲ့ရပါတယ်။