
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊ မလွေးအိမ်ရာအနီး လုံးချင်းအိမ်တအိမ်မှာ မေ ၁၄ ရက်က မီးလန့်မှုဖြစ်ပွားခဲ့ပြီး ထိုင်းမီးသတ်တပ်ဖွဲ့က ဝင်ရောက်ငြှိမ်းသတ်ရာ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတဦးက “ဂက်စ်အိုးကနေတဆင့် မီးလန့်တာပါ။ ပေါက်ကွဲသံတော့ မကြားရဘူး။ မီးခိုးတွေတော့ တော်တော်များတယ်။ ၂ လမ်းကျော် ၃ လမ်းလောက်အထိ မီးခိုးတွေဖုံးနေတာ။ ထိုင်းမီးသတ်သမားတွေက မီးလာငြှိမ်းတော့ အဲဒီအိမ်မှာ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့တော့ ထိုင်းရဲတွေကို အကြောင်းကြားလိုက်တာ။ လုံးချင်းအိမ်ကလူတွေက မီးလန့်တော့ အကုန်ထွက်ပြေးသွားကြတာ။ လုံးချင်းအိမ်ကလူတွေကိုတော့ တယောက်မှမမိဘူး။ ထိုင်းရဲတွေက လုံးချင်းအိမ်မှာ စစ်ဆေးပြီးတဲ့နောက် မလွေးအိမ်ရာမှာ ဝင်စစ်သေးတယ်။ အဲဒီမှာ လူငယ်တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မေ ၁၅ ရက် မနက်ပိုင်းမှာ ထိုင်းရဲတွေက မီးလန့်မှုဖြစ်ပွားခဲ့တဲ့ လုံးချင်းအိမ်ကို ထပ်မံပြီး လာရောက်ရှာဖွေ စစ်ဆေးသေးတယ်လို့လည်း ပတ်ဝန်းကျင်မှာ နေထိုင်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက မြန်မာလူမျိုးအများစု နေထိုင်တဲ့ မလွေးအိမ်ရာကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး အမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။










