
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ရွှေဘို-မြစ်ကြီးနား ကားလမ်းရဲ့ ထီးချိုင့်၊ ကောလင်း၊ အင်းတော်မြို့ကို ဖြတ်သွားရာ လမ်းဆုံဖြစ်တဲ့ အင်းတော်မြို့ ကျောင်းကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဝတ်စုံတွေ ဝတ်ဆင်ပြီး လမ်းပိုင်းတလျှောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၇၀ ခန့်ဟာ ပြည်သူ့ကာကွယ်ရေးတပ် ဝတ်စုံတွေ ဝတ်ဆင်ပြီး ကျောင်းကုန်းရွာ စာသင်ကျောင်းရှေ့မှာ ဂိတ်အထိုင်ချတဲ့သဘောနဲ့ အင်အားချပြီး ဖြတ်သန်းသွားလာနေတဲ့ ယာဥ်တွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြစ်ကြီးနား-မန္တလေး ပြေးဆွဲနေတဲ့ ကားဆရာတဦးက “ကျနော်တို့ကားသမားတွေကိုတော့ PDF နဲ့မပတ်သက်ဖို့ ပြောတယ်။ ဒီလမ်းကြောင်းမှာက ဖြစ်လိုက်ရင် မလွယ်ဘူး။ တိုက်ပွဲဖြစ်ပြီဟေ့ဆိုရင် Express ကားတွေကိုလည်း ပစ်တာပဲ။ လမ်းတကြောလုံး ဂိတ်တွေ အရမ်းများလာတော့ ခရီးကြန့်ကြာတာပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ တပြိုင်တည်းမှာ မနေ့ ဧပြီ ၂၃ ရက်နေ့မှာပဲ အင်းတော်မြို့ အောင်ကုန်းရွာမှာ အင်အားချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောင်ကုန်းရွာတွင်းမှာ ထိတွေ့တိုက်ပွဲမရှိဘဲ ပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှိုခဲ့တဲ့အတွက် အနည်းဆုံး လူနေအိမ်ခြေ ၅ ခုထက်မနည်း ပျက်စီးခဲ့တယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး လက်ရှိအထိ ဖမ်းဆီးခံပြည်သူတွေအပေါ်မှာ သေဒဏ်စီရင်မှု ၅ ခုအထိရှိနေတဲ့ စစ်ရေးထိတွေ့မှုမြင့်မားတဲ့ ဒေသတခု ဖြစ်ပါတယ်။