DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ မြန်မာ အရေးဆွေးနွေး
DVB
·
April 25, 2023
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ မြန်မာ အရေးဆွေးနွေး
1 / 3
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ မြန်မာ အရေးဆွေးနွေး

DVB

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ဧပြီ ၂၄ ရက်က  နေပြည်တော်မှာ  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အပြန်အလှန် အမြင်ချင်းဖလှယ် အပြုသဘောဆောင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။

အဆိုပါတွေ့ဆုံပွဲကို စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့တက်ရောက်ကြသလို The Elders အဖွဲ့ကလည်း ဘန်ကီမွန်းနဲ့အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးဟောင်း ကင်ဘွန်းယန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာ ဘန်ကီမွန်းနဲ့အဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်း နေပြည်တော်ရှိ Jasmine  ဟိုတယ်မှာ သီးခြားတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ ဒီခရီးစဉ်မှာ  နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ ပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသလို တွေ့ခွင့်ရတယ် မရဘူးဆိုတာလည်း မသိရသေးပါဘူး။

မစ္စတာ ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် သူတာဝန်ယူခဲ့စဉ်က မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေးဒဏ်ခံခဲ့ရတဲ့  ၂၀၀၈ ခုနှစ် မေလမှာ  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပါတယ်။

အခုသွားရောက်တဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ကိုရီးယားအစိုးရနဲ့ လုံးလုံးမပတ်သက်တဲ့အကြောင်း၊ ကိုရီးယားအစိုးရကစေလွှတ်တဲ့ တရားဝင်ခရီးစဉ်လည်း မဟုတ်ကြောင်းနဲ့ The Elders အဖွဲ့ရဲ့ အစီအစဉ်သာဖြစ်တယ်လို့ ကိုရီးယားသံရုံးက အေပီသတင်းဌာနကို ပြောထားပါတယ်။

နယ်လ်ဆင်မန်ဒဲလားတည်ထောင်ခဲ့တဲ့    The Elders အဖွဲ့ဟာ  ကမ္ဘာ့တဝန်း  ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးနဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တဖက်တလမ်းကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပြီး ဒီအဖွဲ့မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ၊ ဩဇာရှိပြီး လူအများလေးစားရတဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။  

Photo -CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013