Home
မြန်မာသတင်း
မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတခုကို ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်သိမ်းပိုက်
DVB
·
April 12, 2023

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ မအူရွာအခြေစိုက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူပေါင်းစခန်းအား ဧပြီ ၁၀ ရက် ညနေ ငါးနာရီခွဲလောက်မှာ အပြီးအပိုင် စခန်း သိမ်းနိုင်ခဲ့တယ်လို့ Freedom Revolution Force (FRF) ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

"အခုတိုက်ပွဲ တိုက်ဖို့ရာအတွက် လွန်ခဲ့တဲ့ တလကျော်ကျော်လောက်ကတည်းက တိုက်ပွဲ ဖော်ဆောင်ဖို့ မင်းကင်းအဖွဲ့က ဦးဆောင် အစီအစဥ်ဆွဲခဲ့ကြတာဗျ။ တိုက်ပွဲကြာချိန်ကတော့ သုံးနာရီလောက် ကြာတယ်ဗျ။ နေ့ခင်း ၂ နာရီလောက်က တိုက်ပွဲစခဲ့တာ။ သူတို့ဘက်က အထိအခိုက် တော်တော်များတော့ လေကြောင်း အကူလာတယ်။ အဲမှာ သူတို့ ဆုတ်ရင်း လူတွေ ပြန်သယ်နိုင်သွားတယ်ဗျ။ လက်နှက်အချို့လည်း သိမ်းဆည်းရခဲ့တယ်ဗျ။ ကိုယ့်​ဘက်က အထိအခိုက်ကတော့ မစိုးရိမ်ရ ဒဏ်ရာပေါ့။ ၄၀ မမ မှန်တဲ့ရဲဘော် နှစ်ယောက်နဲ့ နောက်စေ့ကျည်ရှပ်မှန်တဲ့ ရဲဘော်တဦးနဲ့ဆို သုံးဦးရယ်၊ အခြားအဖွဲ့ကလည်း ၃ ဦးလောက် ရှိတော့ စုစုပေါင်း ၆ ဦးလောက် ရှိမယ်ဗျ။ အဲဒီစခန်းကို သိမ်းပိုက် မီးရှို့နိုင်ခဲ့တယ်" လို့ FRF သတင်းပြန်ကြားရေး တာဝန်ခံ ဆရာ ချစ်ဖြိုးက ပြောပါတယ်။

အဆိုပါ စခန်းဟာ မြေအောက် ဘန်ကာ၊ ကတုတ်ကျင်းတွေနဲ့ ခံစစ်ပြင် တည်ဆောက်ထားတဲ့ စခန်း ဖြစ်ကာ မဟာမိတ်တပ်ဖွဲ့ဘက်မှ ၄၀ မမ လက်နက်ကြီးတွေ၊ စနိုက်ပါတွေ၊ မောင်းပြန် ရိုင်ဖယ်တွေနဲ့ သုံးနာရီလောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က MI 35 တစီးနဲ့ လေကြောင်း ပစ်ကူပေးခဲ့ပေမဲ့ အထိအခိုက် အကျအဆုံး များစွာနဲ့ စခန်းအား စွန့်ခွာသွားကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force FRF (Eagle 2) စစ်ကြောင်းနဲ့အတူ KG အဖွဲ့၊ မင်းကင်းမြို့နယ် PDF၊ မင်းကင်း ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၉၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်လို့ FRF က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024