Friday, June 9, 2023
HomeLead Storyရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ စစ်တပ်ပစ်ခတ်သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရပြီး ၃ ဦး ဖမ်းဆီးခံရ

ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ စစ်တပ်ပစ်ခတ်သဖြင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရပြီး ၃ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ် ၂၂ ရက် မွန်းလွဲပိုင်းနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ကံသစ်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၄၀ လောက်ကို မတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က တောင်အိုနဲ့ တာတိုင်ရွာနားက ကိုရှိန်းဆီဆိုင်နားအရောက်မှာ ဒရုန်းတွေနဲ့ အီနာဂါဗုံးသီးကြဲပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်လှေကားနားက GTC ကျောင်းထဲကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇီးတောရွာက ပျူစောထီး အထိုင်စခန်းကိုလည်း ည ၁၀ နာရီလောက်မှာ ရေစကြိုပကဖ လက်နက်ကြီးတပ်ဖွဲ့က လက်လုပ်လက်နက်ကြီး အများအပြားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ခလရ ၂၅၇ တပ်ရင်းတွေက ၄၀ မမ၊ ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ပကဖရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မတ် ၂၁ ရက် မနက်နဲ့ ညနေပိုင်းတွေမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ များပြားနိုင်တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိကာ အမျိုးသမီး ၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ ချောင်နားတိုက်ကျေးရွာကို မတ်လ ၂၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကလက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့လို့ သားအမိ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းနားတိုက်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဒဏ်ရာရရှိတဲ့ အမျိုးသမီးတွေကိုတော့ နီးစပ်ရာဆေးခန်းတွေကို ပို့ဆောင်ကုသပေးထားပြီး ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်အား ၇၀ လောက်နဲ့ မတ်လ ၁၈ ရက်ကတည်းက ပေါက်မြို့နယ် ရေထွက်ရွာဘက်ကနေ ပြည်သူ ၆ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ဝင်လာတာဖြစ်ပြီး သရက်ကန်ရွာမှာ ညအိပ်စခန်းချခဲ့ကြကာ မတ်လ ၂၁ ရက်နေ့မှာ မြိုင်မြို့ထဲကို ဝင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မတ်လ ၂၂ ရက် ညဘက်မှာ သရက်ကွရွာဘက်ကို ရောက်ရှိလာပြီး ဒီနေ့ မတ်လ ၂၃ ရက် မနက် ၇ နာရီလောက်မှာ အဲဒီရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး အမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကတော့ ကာယာကောင်းတဲတိုက်က အမျိုးသမီး ၂ ယောက်နဲ့ မင်းဂံရွာက ကျောက်စရစ်တူးတဲ့ အမျိုးသမီး ၁ ယောက် ဖြစ်ပြီး ကျောက်စရစ်တူးဖော်တဲ့သူ ၁၂ ယောက် ပျောက်ဆုံးနေကာ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုး မွှေနှောက်နေလို့ မင်းဂံနဲ့ မြေနု ကျေးရွာတွေက ဒေသခံပြည်သူ ၁,၀၀၀ လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular