DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများကို လူသတ်ကွင်းဆီပြန်မပို့ရန် အဖွဲ့ ၂၀၀ ကျော်တောင်းဆို၊ စစ်ကောင်စီ၏ စီမံချက်ကို ကုလအေဂျင်စီများက လျှို့ဝှက်ကူညီနေ
DVB
·
March 21, 2023
ရိုဟင်ဂျာများကို လူသတ်ကွင်းဆီပြန်မပို့ရန် အဖွဲ့ ၂၀၀ ကျော်တောင်းဆို၊ စစ်ကောင်စီ၏ စီမံချက်ကို ကုလအေဂျင်စီများက လျှို့ဝှက်ကူညီနေ
Donate to DVB

လူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်တဲ့ ရိုဟင်ဂျာတွေကို လူသတ်ကွင်းတွေဆီ ပြန်ပို့ခြင်းကနေ တားဆီးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချူပ်အနေနဲ့ ချက်ချင်း ကြားဝင် ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ လက်ရှိအချိန်အထိ ဖိနှိပ်ခံနေရပြီး လူမျိုးရေးခွဲခြားမှု စနစ်အောက်မှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံနေရဆဲဖြစ်ကာ သူတို့ဟာ ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ လွတ်လပ်စွာသွားလာခွင့်မရှိဘဲ ပိတ်လှောင်ခံနေရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုစတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ဖြတ်တောက်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှေ့ပြေးအသံအဖွဲ့၊ မြန်မာရိုဟင်ဂျာများအသင်း ယူကေ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ Myanmar Accountability Project စတဲ့ အဖွဲ့တွေပါဝင်တဲ့ အဖွဲ့အစည်း ၂၀၀ ကျော် လက်မှတ်ရေးထိုးထားပြီး မတ် ၂၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ရေး အကြမ်းဖက်စစ်အုပ်စုရဲ့  ‘ရှေ့ပြေးစီမံချက်’မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် (WFP) တို့လို အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်မှာတော့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်စွာပါဝင်မှုနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားကို မြန်မာစစ်ကောင်စီခန့်ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ သွားရောက်တဲ့ ခရီးစဉ်ကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရာမှာပါဝင်မှုတို့ကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း လည်း ဖော်ပြထားတဲ့အပြင် ပါဝင်ကူညီခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီတွေက သူတို့အသုံးပြုခဲ့တဲ့ လှေတွေပေါ်ကနေ UN မှတ်အသားတွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံမှုရှိပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်တည့်တံ့တဲ့ နေရပ်ပြန်နိုင်ရေးအခြေအနေ မရှိနေတဲ့အချိန်မှာ ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းမှုမှာ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်နေတာဟာ ရှည်လျားကြာမြင့်နေပြီဖြစ်တယ်လို့ဆိုပါတယ်။

ခုလိုလုပ်ဆောင်မှုက အဆိုပါလုပ်ရပ်ရဲ့ နောက်ဆက်တွဲတခုဖြစ်ကာ မြန်မာနိုင်ငံအရေးမှာ ကုလ သမဂ္ဂရဲ့ “ကြားနေရေး” ဆိုတဲ့ ရပ်တည်ချက် မရှိတာကို ဖော်ထုတ်ပြသနေသလို ဘက်မလိုက်ရေးနဲ့  “မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရေး” ဆိုတဲ့ လူသားချင်းစာနာ‌ ‌ထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်နေတာက ကုလသမဂ္ဂရဲ့ လုပ်ရပ်အပေါ် မြန်မာလူထုရဲ့ ယုံကြည်မှုကို ပိုမိုပျက်ပြားစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်တုန်းက ဘင်္ဂလားဒေ့ရှ်ကို မြန်မာစစ်အုပ်စုက သွားရောက်ခဲ့မှုဟာ UNHCR နဲ့ WFP တို့ ပါဝင်တယ်လို့သိရတဲ့ နေရပ်ပြန်ပို့ရေး ‘ရှေ့ပြေးစီမံချက်” ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရားမဝင်စစ်အုပ်စုနဲ့ ဘင်္ဂလာဒေ့ရှ်တို့ကြား နှစ်နိုင်ငံသဘောတူစာချူပ် ချူပ်ဆိုမှုရဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်မှာ စစ်ကောင်စီလက်အောက်ခံ လဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း အယောက် ၂၀ လောက် လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ သူတို့ရဲ့ ရှက်ဖွယ်ကောင်းသော စနစ်ပိုင်းဆိုင်ရာနဲ့ အဆောက်အအုံပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေကို အဆုံးသတ်ပြီး စစ်ရာဇဝတ်ကောင်တွေနဲ့ လူမျိုးတုံး သတ်ဖြတ်တဲ့ စစ်အုပ်စုကို ကူညီပံ့ပိုးမယ့်အစား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရသူတွေ၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့ မြန်မာနိုင်ငံပြည်သူလူထုကို ကူညီပံ့ပိုးရန် အချိန်တန်ပြီဖြစ်တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂအေဂျင်စီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပံ့ပိုးကူညီမှုတွေဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့လည်း ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

နေရပ်ပြန်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုခဲ့ကြကြောင်း ဒုက္ခသည်ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁၅ ရက်ကတည်းက မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး လူ ၁၀၀၀ ကျော်လောက်ကို  နေရပ်ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေကတော့ သူတို့ကို နိုင်ငံသားမှတ်ပုံတင်ကတ်ပြားထုတ်ပေးဖို့၊ မူလနေရာမှာပြန်ပြီး နေရာချပေးဖို့နဲ့  တခြားတိုင်းရင်းသား ၁၃၅ မျိုးလို တရားမျှတမှုနဲ့ အသွားအလာ လွတ်လပ်ခွင့်ပေးဖို့ အချက် ၃ ချက်ကို တောင်းဆိုထားပြီး မရရင် မြန်မာနိုင်ငံကို မပြန်ဘူးလို့ စစ်ကောင်စီထံ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013