DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး ဆန္ဒပြပွဲများက စစ်အာဏာရှင်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲ
သုတချမ်းသာ
·
August 28, 2026
Photo: Ro Islamic Sohel Media
Photo: Ro Islamic Sohel Media
Donate to DVB

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို စစ်အာဏာရှင်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ၉ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွေနဲ့ ဆန္ဒပြပွဲတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာကျန်နေခဲ့သူတွေက ဩဂုတ် ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေရဲ့ ဆန္ဒပြတောင်းဆိုမှုမှာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်တာခံခဲ့ရတဲ့အပေါ်မှာ တရားမျှတမှု ပြန်ရရှိရေးနဲ့ မူလနေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်ခွင့်ရရေး အချက် ၂ ခုကို အဓိကထား တိုက်တွန်းတောင်းဆိုခဲ့တာ တွေ့ရပါတယ်။

ဩဂုတ် ၂၆ ရက်က မောင်တောမြို့မှာပြုလုပ်တဲ့ အခမ်းအနားကို အာရက္ခတပ်တော် (AA) တာဝန်ရှိသူတချို့ တက်ရောက်ခဲ့သလို မွတ်စလင်တွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ အခုထက်ပိုပြီး ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “မင်းအောင်လှိုင် အတွက်ကတော့ အရှိုက်ကို အကန်ခံရတာပဲ၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှာလည်း တော်တော်လေးကို အရှက်ရစေတယ်၊ အဓိက လက်သည်တရားခံ သူပါပဲဆိုတာ အားလုံးကနေပြီးတော့ မီးမောင်းထိုးပေးတာပေါ့နော်၊ AA က တော်တော်လေးကို ကြိုးပမ်းလာတယ်။ အခု ၉ နှစ်ပြည့်မှာလည်း အခမ်းအနားတွေမှာ AA ရဲ့ နိုင်ငံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ စစ်ရေးတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေပါ အခမ်းအနားတွေကို တက်ရောက်လာပြီးတော့ အမှန်တရားနဲ့ ပတ်သက်လို့ ရိုဟင်ဂျာပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ တွေ့တယ်။ နောက်တခုက အာရက္ခတပ်တော်ထဲမှာလည်း ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ အတိုင်းအတာတခုအထိ မျက်နှာစာအသီးသီးမှာ လမ်းဖွင့်ပေးထားတာ တွေ့တဲ့အခါကြတော့ ခြေလှမ်းသစ်တွေလို့ မြင်ရတယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနဲ့ လူမှုသဟဇာတဖြစ်ရေး အဲဒီကို ဦးတည်လာတာတော့ တွေ့ရတယ်။ သို့သော်ငြားလည်းပဲ ဒီအချိန်မှာ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ဆိုတာက မဖြစ်နိုင်သေးတဲ့ကိစ္စ။ ရိုဟင်ဂျာခေါင်းဆောင်တွေ အနေနဲ့ကလည်း ပြည်တွင်းပဲဖြစ်ဖြစ်၊ နိုင်ငံတကာမှာပဲဖြစ်ဖြစ် အဓိကကတော့ AA နဲ့ ညှိနှိုင်းဖို့ကတော့ အချိန်တန်နေပြီ၊ နဂိုကလည်း ပြောဖူးပါတယ်။ နိုင်ငံတကာအနေနဲ့ကလည်း AA နဲ့ တွေ့ဆုံညှိနှိုင်းပြီး လုပ်ရမဲ့ကိစ္စ ဖြစ်သလို စကားပြောဖို့ အချိန်တန်ပြီလို့တော့ မှတ်ချက်ပေးချင်ပါတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာပြည်တွင်းက စစ်အာဏာရှင်အစိုးရ၊ အာရက္ခတပ်တော် AA နှစ်ဖက်စလုံးနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာရာမန်က ဇွန် ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ ပြောဆိုထားတာပါ။

စစ်ရေးအရ ရခိုင်ပြည်တခုလုံးနီးပါးကို ထိန်းချုပ်ထားသလို နိုင်ငံရေးအရ နယ်မြေတည်ငြိမ်ရေးမှာ အရေးပါတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး AA က ပိုကောင်းတဲ့အရွေ့တခုကို တည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီအခြေအနေက တရုတ်နဲ့ အိန္ဒိယအစိုးရတွေရဲ့ လိုလားချက်တွေကို ဖြည့်ပေးနိုင်ဖို့ အားထုတ်နေတဲ့ စစ်ခေါင်းဆောင်အတွက် ဖိအားဖြစ်လာဖို့ ရှိနေတာပါ။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) မှ ဦးထွန်းခင်က “ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်၊ ပြီးတော့ တခြားတိုင်းရင်းသားနေရာတွေ၊ ပြီးတော့ ၂၀၂၁ နောက်ပိုင်းမှာဆိုရင် ရက်စက်ကြမ်းကြုတ်မှုပေါင်းစုံ၊ လူသားမျိုးနွယ်စုအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင်က နိုင်ငံတကာအသိအမှတ်ပြုမှုလည်း လိုချင်တယ်၊ တဖက်မှာ ရာဇဝတ်မှုတွေလည်း တောက်လျှောက်ကျူးလွန်နေတယ် ဆိုတော့ နိုင်ငံတကာ ဖိအားပေးမှု၊ နိုင်ငံတကာ အသိအမှတ်မပြုအောင် ကျနော်တို့ ဆက်ပြီးတော့ လုပ်ဖို့လိုမယ်။ တွန်းအားပေးမှုတွေ တရားမျှတမှု ရရှိရေးအတွက် လုပ်ဆောင်နေတာတွေက ကျနော်တို့အနေနဲ့ တစိုက်မတ်မတ်လုပ်ဖို့ လိုပါလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အမှုနဲ့ စစ်ခေါင်းဆောင်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှစ်ခုစလုံးမှာ အမှုရင်ဆိုင်နေရတာပါ။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ရဲ့ မှတ်တမ်းတွေအရ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်းကျော်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ၄ သိန်းကျော် စုစုပေါင်း လူဦးရေ ၁၆ သိန်းကျော်အထိ အထွေထွေအခက်အခဲ ကြုံနေရပါတယ်။

ဒီအမှုကြောင့်ပဲ ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ အပါအဝင် ၂၃ ယောက်ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013