Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောနှင့် သန်ရောဂါများ ဖြစ်ပွားနေ
DVB
·
March 15, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်မှာ သောက်သုံးရေမသန့်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သန်ရောဂါ ဖြစ်ပွားနေတဲ့အတွက် သံချဆေး တိုက်ကျွေးနေရတယ်လို့ ဒီမိုကရက်တစ်လူငယ်ကောင်စီရဲ့ ပုလဲမြို့နယ်တာဝန်ခံ ကိုမင်းတော်ဝင်က ပြောပါတယ်။

CDM ပြုလုပ်ထားတဲ့ ဆေးမှူး သူနာပြုဆရာမ ၂ ဦးနဲ့အတူ ကျေးရွာပေါင်း ၇ ရွာက အသက် ၁၀ လကနေ ၁၆ နှစ်ထိ ကလေးပေါင်း ၁,၃၆၈ ယောက်ကို မတ်လ ၆ ရက်မှာ ပထမအကြိမ်၊ မတ်လ ၁၃ ရက်မှာ ဒုတိယအကြိမ်၊ မတ်လ ၁၄ ရက်မှာ တတိယအကြိမ် သန်ချဆေး တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းထိုးလာရင် ပြေးနေလွှားနေရတော့ ကလေးတွေက တွေ့ရာရေသောက်၊ ကြုံရာစားဆိုတော့ သန်တွေထိုးပြီး ဗိုက်ပူနံကားတွေ ဖြစ်နေကြတယ်။ ဝမ်းတွေလည်း ပျက်နေကြတယ်” လို့ ဆေးမှူးက ပြောပါတယ်။

ရာသီဥတု ပူပြင်းလာတဲ့အတွက် ကလေးတွေကနေ ရဲဘော်တွေ၊ မိဘတွေကိုလည်း ဝမ်းရောဂါ ကူးလာတဲ့အတွက် ဓာတ်ဆားထုပ်တွေကို ခက်ခက်ခဲခဲ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ် NUG လက်အောက်ခံ ကြားကာလပညာရေးကျောင်းက တာဝန်ခံ ကျောင်းအုပ်ဆရာတဦးက “ဝမ်းရောဂါဆိုတော့ ကူးတာက တအားမြန်နေတယ်။ ဓာတ်ဆားအထုပ် ၅၀ ရဖို့တောင် ကျနော်တို့ မနည်းဝယ်နေရတယ်။ ဆေးဆိုတာနဲ့ အသိမ်းခံရတယ်။ သန်ချဆေးတွေအတွက် နွေဦးနတ်ကွန်းဆိုတဲ့အဖွဲ့ကို အကူအညီတောင်းလိုက်တာ ကလေး ၂,၀၀၀ စာ ရောက်လာတယ်။ ကျန်တဲ့ကလေးတွေကိုလည်း ဆက်တိုက်သွားမှာပါ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း ဆေးရုံ၊ ဆေးခန်း သွားမယ့်လမ်းတွေမှာ စစ်ကောင်စီဂိတ်တွေ ရှိနေတဲ့အတွက် စစ်ရှောင်အမျိုးသမီး အချင်းချင်း ကလေးမီးဖွားပေးရတာမျိုးလည်း ရှိနေတယ်လို့ စစ်ရှောင်ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024