Home
မြန်မာသတင်း
လှည်းကူးတွင် အသက် ၃ အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ပစ်သတ်ခံရ
DVB
·
February 23, 2023

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ  ၄ လမ်းမှာ ဖေဖော်ဝါရီ ၂၂ ရက် မနေ့ညက နေအိမ်တအိမ်မှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၄ ယောက်နဲ့ ဧည့်သည် တယောက် စုစုပေါင်း လူ ၅ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့  ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မနေ့ည ၈ နာရီကလောက်မှာ မေဃဝတီ ၄ လမ်းရှိ နေအိမ်တအိမ်ကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"သေနတ်သံတွေက ဆက်တိုက်ပဲကြားရတာ။ ဘယ်သူမှထွက်မကြည့်ရဲဘူး။ သေနတ်သံတွေ တိတ်သွားတော့ ပုဇွန်ခြောက်ရောင်းတဲ့အိမ်ကို ဝင်ပစ်သွားတာတဲ့။  မိသားစုဝင်က လေးဦးသေတယ်။ ဧည့်သည်အဘိုးကြီးလည်း သေသွားတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး လမ်းသူလမ်းသားတွေကို မေးမြန်းခဲ့ပေမဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ သိသူမရှိဘူးလို့ ရပ်မိရပ်ဖတစ်ဦးက  ပြောပါတယ်။

"စစ်တပ်ကရောက်လာတယ်။ ထုံးစံအတိုင်း ဟိုလူမေး ဒီလူ့မေးနဲ့ လိုက်မေးတယ်။ ဘယ်သူမှမသိဘူး ပစ်တာတော့ကြားတယ် ဘယ်လို့ လာပစ်သွားတယ်ဆိုတာကို မသိတာ။” 

ပစ်ခတ်ခံရလို့ သေဆုံးသူတွေကတော့ ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ သုံးနှစ်ကလေးငယ်နဲ့ ဧည့်သည့်အမျိုးသားတယောက်တို့ဖြစ်ကြတယ်လို့  ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတွေက ပစ်ခတ်မှုဖြစ်ရာ ရိပ်သာရပ်ကွက်နဲ့ လှည်းကူးစျေး၊ လှည်းကူးတာဆုံတို့မှာ လမ်းသွားလမ်းလာ၊ ဆိုင်ကယ်နဲ့ အိမ်စီးကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ပစ်ခတ်မှုနဲ့ဗု ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး  သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024