DVB Logo
Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်၌ တိုက်ပွဲဖြစ်၊ ရှမ်း-ကရင်နီနယ်စပ်တွင် လက်နက်ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
February 18, 2023
ဖရူဆိုမြို့နယ်၌ တိုက်ပွဲဖြစ်၊ ရှမ်း-ကရင်နီနယ်စပ်တွင် လက်နက်ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊  မာခရောရှေ့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ရေခပ်ထွက်ချိန်မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဖေဖော်ဝါရီ ၁၇ ရက်  ညပိုင်းမှာ  ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီက ရေထွက်ပေါက်ကို ရေလာခပ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား တယောက် သေဆုံးခဲ့ကာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မာခ​ရောရှေ့ကျေးရွာက ဒေသခံ နေအိမ် တလုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါအပြင် မနက်ပိုင်း ၇ နာရီလောက်ကလည်း အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ မာခရောရှေ့ကျေးရွာရှိ ခြေကုပ်စခန်းကို ရိက္ခာတွေပို့ဆောင်ခဲ့ပြီး နေ့လယ်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ 

မာခရောရှေ့ခြေကုပ်စခန်းဟာ စစ်ကောင်စီတပ်ရဲ့ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၁၄ တန်းမြင့် လေ့ကျင့်ရေးကျောင်းအနီးရှိ တောင်ကုန်းကို အကာအကွယ်ယူကာ တပ်စွဲထားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်နယ်စပ်က ပြည်သူ့စစ်အဖွဲ့ အခြေစိုက်ရာ ဟွေဟရွာအနီးမှာလည်း လက်နက်နဲ့ ရိက္ခာတွေ သယ်ယူလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် တပ်ရင်း-၃ က တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃ နာရီလောက်မှာ ရှမ်းပြည်တောင်ပိုင်းနဲ့  ရှားတောမြို့နယ်အစပ် ထိုင်း-မြန်မာနယ်စပ်အနီး ဟွေ့ဟရွာအနီးက တောင်ကုန်းအမှတ် ၅၄၁၆ အနီးမှာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ သယ်ယူနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က ရှားတော-လွိုင်ကော်လမ်းကို အသုံးမပြုနိုင်တာကြောင့် ရိက္ခာနဲ့ လက်နက်တွေကို အဆိုပါလမ်းကြောင်းကနေ သယ်ယူဖို့ ကြိုးစားနေတာဖြစ်နိုင်ပြီး ဖေဖော်ဝါရီ ပထမအပတ်တည်းက ဟွေ့ဟအနီးမှာ စစ်ကောင်စီက အင်အား ၂၀၀ လောက် ဖြည့်တင်းထားတယ်လို့ Karnni Voice မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဌာနချုပ်ရှိရာ ရှားတောမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို အရပ်သားတွေ အသုံးမပြုဖို့ ကရင်နီပူးပေါင်းတပ်က တားမြစ်ထားပါတယ်။

ရှားတောမြို့နယ်အတွင်းက ဒေသခံတွေကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့ရဲ့ ထောက်ခံချက် လက်မှတ်ပါမှသာ မြို့နယ်တွင်း သွားလာလှုပ်ရှားဖို့ ကရင်နီပူးပေါင်းတပ်က ထုတ်ပြန် သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013