မြန်မာနိုင်ငံမှာ အခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ စင်ကာပူနိုင်ငံက ထိပ်ဆုံးမှာ ရပ်တည်နေပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးပမာဏမှာ ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ကာလ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကနေ ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူ တန်ဖိုး ၁ ဒသမ ၄၇၆ ဘီလီယံကျော် ရှိတဲ့အထဲ စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံးပါ။
စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေအရဆိုရင် စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမူက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ဘီလီယံ ကျော်ရှိပြီး ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၇၈ ရာခိုင်နှုန်းကျော်အထိ ရှိပါတယ်။
အခုဘဏ္ဍာနှစ်မှာ စင်ကာပူ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းနိုင်ငံတွေ အဖြစ် ဆက်လက် ရပ်တည်နေတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုက အခုဘဏ္ဍာနှစ် ၁၀ လတာအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်သာရှိပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံး ဝင်ရောက်မှု ဖြစ်ခဲ့ပါတယ်။
စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းနိုင်ငံတွေအဖြစ် ဆယ်စုနှစ် တစ်ခုအကြာ ရပ်တည်လာခဲ့တာဖြစ်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ တဖြည်းဖြည်း လျော့နည်းကျဆင်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ကိုဗစ်မတိုင်ခင် ကာလက တစ်နှစ်ကို ပျဉ်းမျှ ၅ ဘီလီယံဝန်းကျင် ဝင်ရောက်မှုရှိခဲ့ပေမဲ့ အခုဘဏ္ဍာနှစ် ၁၀လ အတွင်းမှာ ၁ ဒသမ ၄ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့တာဖြစ်လို့ လေးပုံသုံးပုံလောက် လျော့နည်း ကျဆင်းခဲ့ပါတယ်။
စစ်ကောင်စီကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် အမျိုးမျိုး ကြိုးစားနေပေမဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မလာဘဲ အရာမထင်ဖြစ်နေပါတယ်။
နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေလဲလှယ်မှု အတားအဆီးတွေ၊ စည်းမျဉ်းစည်းကမ်းမရေရာမှုတွေ ဆက်လက်ရှိနေတာကြောင့် စီးပွားရေး အခင်းအကျင်း ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇန်နဝါရီလထုတ် မြန်မာ့စီးပွားရေး အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။