Home
မြန်မာသတင်း
ရေးမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ ရေးနှင့်ပေါင်းတည်တို့က သတင်းပေးနှစ်ဦး ရှင်းလင်းခံရ
DVB
·
February 5, 2023

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၅၉၁ တပ်ရင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ် YSTFက ပြောပါတယ်။ 

ခလရ ၅၉၁ တပ်ရင်းကို ရှော့တိုက်ဒုံးနဲ့ တပ်စခန်းထဲကို ပစ်ခတ်လိုက်တာ စစ်ကောင်စီဘက်က ထိခိုက်ကျမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ YSTF တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီက ရေးမြို့နယ်ကို မနက် ၆ နာရီကနေ ည ၆ နာရီအထိ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားတာကြောင့် သွားလာရေး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျောင်းရွာကျေးရွာက ခလရ ၅၉၁ တပ်ရင်းကို ပြီးခဲ့တဲ့ရက်တွေကလည်း ရေးပြည်သူ့ကာကွယ်ရေး YSTF က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို ရေးဘီးလူးအဖွဲ့တွေကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ကျောင်းရွာ ခလရ ၅၉၁ လည်း တိုက်ခိုက်ခံရတာကြောင့် စစ်တပ်က ညဘက်တွေမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နဲ့ အောင်သာယာကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Mark 2- အဖြူရောင်ယာဉ်အား စစ်ဆေးရာ ပစ်ခတ်ပြီး ပြန်လှည့်မောင်းပြေးတာကြောင့် YGF - ရေးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့က မိနစ် ၃၀ လောက် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်လို့ ရေး YGF က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် ကားက လမ်းဘေးမြောင်းထဲထိုးကျသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးရာ ဗိုလ်ကြီးအဆင့်ရှိသူ  (စိစစ်ဆဲ) အား လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အမြောက်တပ် ၃၁၇ က လက်နက်ကြီး ၃ လုံး ပစ်ကူပေးပြီး စစ်ကူလိုက်လာတာကြောင့် ကားအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ YGF က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရေး YGF တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့ ထိခိုက်ဒဏ်ရာရတာ မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းနေရာမှာ ပစ်ခတ်နေတဲ့ အချိန်အတွင်း ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းမှ စစ်ကောင်စီသတင်းပေးတဦးအား ဖေဖော်ဝါရီ ၄ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO နဲ့ ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူ ဝင်းထွန်းဆိုသူဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူအပေါ် ခိုးဆိုးခြိမ်းခြောက် ဒုက္ခပေးနေတာကြောင့် ပူးပေါင်းပစ်ခတ်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်ပစ္စည်းတွေ ခိုးယူခဲ့သလို တအိမ်တက်တအိမ်ဆင်း လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာက စစ်ကောင်စီထောက်တိုင် ပျူစောထီးခေါင်းဆောင် အောင်ဖာ (ခ) မင်းနိုင်ဦးအား သဲကုန်းမြို့နယ် ပကဖ မြို့ပြပြောက်ကျား အဖွဲ့က ဖေဖော်ဝါရီ ၄ ရက် မနက် ၇ နာရီလောက် သိမ်ကုန်းရွာနဲ့ ပျဉ်ကြီးရွာကြား သစ်တောကွင်းနေရာအစပ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

အောင်ဖာ(ခ)မင်းနိုင်ဦးဟာ သိမ်ကုန်းတာဝါတိုင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်ပေးတာ၊ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား လမ်းပြတာ၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အိမ်ထောင်စုစာရင်း ကောက်ယူပေးတာ၊ တာဝါတိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ကျေးရွာပြည်သူလူထုအား နိုင်ထက် စီးနင်းပြုတာ၊ လဲပင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်မှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းခိုးယူတာ၊ စစ်ကောင်စီအတွက် ဆပ်ကြေးကောက်ခံပေးတာတွေ ပြုလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပဲခူး PDF က ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024