Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင်နှင့်အပေါင်းပါများကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျနှင့် ကနေဒါက ဒဏ်ခတ်အရေးယူ
DVB
·
February 1, 2023

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ဘက်နဲ့ အရပ်ဘက်က အရာရှိကြီးတွေ၊ လက်နက်ပွဲစား ခရိုနီမိသားစုဝင်တွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်နိုင်အောင် လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေအပေါ် အမေရိကန်၊ ယူကေ၊ ဩစတြေးလျနဲ့ ကနေဒါ နိုင်ငံတို့က  ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်မပြည့်မီ နောက်ဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာပဲ မြန်မာစစ်အာဏာရှင်နဲ့အပေါင်းပါတွေကို စီးပွားရေးနဲ့ ခရီးသွားခွင့် တားဆီးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း နိုင်ငံအသီးသီးက ကြေညာခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာတဲ့အထဲမှာ စစ်ကောင်စီဩဇာခံ အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၆ ယောက်တို့ ပါဝင်ပါတယ်။  

ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့တဲ့ နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ပြီး စစ်အာဏာရှင်တွေအလိုကျ ရွေးကောက်ပွဲလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၊ စစ်အာဏာရှင်တွေအတွက် ငွေကြေးရှာဖွေပေးနေတဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနဲ့ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း စုစုပေါင်းလုပ်ငန်းအဖွဲ့အစည်း ၃ ခုပါဝင်ပါတယ်။ 

မြန်မာစစ်တပ်အတွက် ငွေကြေးအကျိုးအမြတ် အများဆုံးရှာဖွေပေးနေတဲ့ စွမ်းအင်ဝန်ကြီးဌာနက စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်း နဲ့ လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းမင်း တို့ကိုလည်း စစ်ကောင်စီခန့် အရာရှိခေါင်းဆောင်တွေဖြစ်တာကြောင့် ဒဏ်ခတ် အရေးယူလိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့တဲ့ လေတပ်က ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့ ပျူစောထီးတွေကို လက်နက်တပ်ဆင် လေ့ကျင့်ပေးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ဦးလှဆွေ(ဘူးလက်လှဆွေ)နဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရရှိရေး ကူညီနေတဲ့ ခရိုနီ လက်နက်ပွဲစား ဦးတေဇရဲ့ သမီး မထူးထွေးတေဇ (အဆိုတော် ရေချယ်တေဇ) တို့ကိုလည်း ဒဏ်ခတ်အရေးယူလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပုဂ္ဂိုလ် ၆ ဦးနဲ့ လုပ်ငန်းအဖွဲ့အစည်း ၃ ခုနရဲ့  အမေရိကန်ပြည်ထောင်စုရှိ ပိုင်ဆိုင်မှုတွေ၊ သူတို့နဲ့ ဆက်နွှယ်တဲ့လုပ်ငန်းတွေကိုသာမက သူတို့ရဲ့ ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းနဲ့အထက်ပါဝင်တဲ့ ပိုင်ဆိုင်မှုအားလုံးကိုလည်း သိမ်းယူကြောင်းနဲ့ သူတို့နဲ့အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်တာတွေ၊ ငွေအပေးအယူလုပ်တာတွေ အားလုံးကိုလည်း တားမြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားလိုက်ပါတယ်။

အလားတူ ယူကေအစိုးရကလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ မြန်မာကုမ္ပဏီနှစ်ခုနဲ့ ကုမ္ပဏီတာဝန်ရှိသူ ၂ ယောက်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း ကြောညာလိုက်ပါတယ်။

အခုတစ်ကြိမ် စီးပွားရေးပိတ်ဆို့မှု ထပ်မံချမှတ်ခံရတဲ့ ကုမ္ပဏီနှစ်ခုကတော့   Asia Sun Trading ကုမ္ပဏီလီမိတက်နဲ့ Cargo Link ကုမ္ပဏီလီမိတက်တို့ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီနှစ်ခုလုံးဟာ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မြန်မာလေတပ်ကို လေယာဉ်ဆီအများဆုံးတင်သွင်းနေတဲ့  Asia Sun စီးပွားရေးလုပ်ငန်းစုရဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Asia Sun Trading ကုမ္ပဏီရဲ့ ဒါရိုက်တာလည်းဖြစ် ပိုင်ရှင်လည်းဖြစ်တဲ့ ဦးဇော်မင်းထွန်းနဲ့ ဒါရိုက်တာဟောင်းဖြစ်သူ ရှယ်ယာရှင် ဝင်းကျော်ကျော်အောင်တို့ကိုလည်း စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း ယူကေက ကြေညာလိုက်ပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလေဗာလီက“ကျနော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှများအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နဲ့ ကိရိယာအရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကနေတဆင့် အကြမ်းဖက်တာ၊ လူ့အခွင့်အရေးကို ရှက်ရွံ့မှုမရှိ၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတာတွေအတွက်  စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ခုတခါ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာတော့ စစ်တပ်ကနေ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့  ဖိနှိပ်နှိမ်နင်းမှုတွေပြုလုပ်တာကို  ကူညီပေးနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူ လိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အခုချိန်ထိ မြန်မာနိုင်ငံက လူ ၁၈ ယောက်နဲ့ လုပ်ငန်းအဖွဲ့အစည်း ၃၀ ကို  ယူကေကနေ စီးပွားရေးပိတ်ဆို့မှု ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ကနေဒါနိုင်ငံကလည်း နိုင်ငံတကာလူ့အခွင့်အရေးဥပဒေချိုးဖောက်မှုအတွက် တာဝန်ရှိတဲ့ မြန်မာစစ်တပ်ရဲ့ အကြီးတန်းအရာရှိ ၆ ယောက်ကို စီးပွားရေးပိတ်ဆို့မှုစာရင်းမှာ ထပ်မံထည့်သွင်းလိုက်ကြောင်း ကြေညာပါတယ်။

ပိတ်ဆို့ဒဏ်ခတ် အရေးယူခံရသူ ၆ ယောက်တော့ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ယခင်ရန်ကုန်တိုင်းမှူးဟောင်း လက်ရှိ ကစထ ၅ မှူး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ပဲခူးတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ စစ်ကိုင်းတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ်သန်းထိုက်၊ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊

စစ်တိုင်းမှူး စစ်ဗိုလ်ချုပ်တွေဖြစ်ကြတဲ့   ထိန်ဝင်း၊ ထင်လတ်ဦး၊ သန်းထိုက်၊ ညွန့်ဝင်းဆွေ၊ ဖုန်းမြတ်နဲ့  သက်ပုံတို့ ဖြစ်ကြပါတယ်။ 

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လန်နီဂျိုလီက “ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံသားတွေဟာ ပြောပြစရာစကားလုံးမရှိအောင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကြံ့ကြံ့ခံခဲ့ကြရပါတယ်။ တခြားနိုင်ငံတွေကလည်း အခုလိုအရေးယူမှုတွေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာရှင်တွေကို ဖိအားပေးပြီး စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကျမတို့ ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာလည်း မြန်မာအကြမ်းဖက်စစ်တပ်အတွက် ဂျက်လေယာဉ်ဆီတွေ တင်သွင်းထောက်ပံ့ပေးသူတွေနဲ့ စစ်လက်နက်ပွဲစားတွေအပါအဝင် လူပုဂ္ဂိုလ် ၁၂ ယောက်နဲ့ အဖွဲ့အစည်း ၃ ခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဒီအထဲမှာစစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူထောက်ပံ့ပေးနေတဲ့  မြန်မာစီးပွားရေးလုပ်ငန်းစုကြီးတခုဖြစ်တဲ့ Asia Sun Group နဲ့ မြန်မာစစ်တပ်ရဲ့ အဓိကစစ်လက်နက်ပွဲစားတွေဖြစ်တဲ့  Dynasty International ကုမ္ပဏီနဲ့ International Gateways Group တို့ကိုလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချတာနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကိုလည်း ကနေဒါက ထပ်မံတင်းကျပ်လိုက်ပြီး အခုတကြိမ် ထပ်အရေးယူလိုက်သူတွေပါ အားလုံးပေါင်းရင် ကနေဒါနိုင်ငံကနေ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ချမှတ်ထားတဲ့ မြန်မာနိုင်ငံက လုပ်ငန်းအဖွဲ့အစည်း ၆၃ ခုနဲ့ လူပေါင်း ၉၅ ယောက်အထိရှိပြီဖြစ်ပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဏာသိမ်းမှု ကျူးလွန်ခဲ့တာတွေအတွက် မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၆ ယောက်ကို စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ခဲ့သလို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်အများ နှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံချမှတ် အရေးယူခဲ့ပါတယ်။

အခုတစ်ကြိမ် ဩစတြေးလျရဲ့စီးပွားရေးပိတ်ဆို့မှုစာရင်းမှာ ထပ်မံထည့်သွင်းခံရသူတွေကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကြောရေးတာဝန်ခံ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ မိုးမြင့်ထွန်း၊ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊  ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး တင်အောင်ဆန်း၊ စစ်ကောင်စီ အတွင်းရေးမှူး စစ်ဥပဒေချုပ်ဟောင်း အောင်လင်းဒွေး၊  လေတပ်ဦးစီးချုပ်ဟောင်း မောင်မောင်ကျော်၊  ပြည်ထဲရေးဝန်ကြီး စိုးထွဋ်တို့ပါဝင်ပါတယ်။

ဒါ့အပြင် အရပ်ဘက်က စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် မန်းငြိမ်းမောင်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌဟောင်း စောဒန်နီယယ်၊ ကြံ့ခိုင်ရေး အဖွဲ့ဝင်ဟောင်း စိုင်းလုံဆိုင်၊ ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ အေးနုစိန်၊ မွန်ညီညွတ်ရေးပါတီက  ဗညားအောင်မိုးတို့လည်း ပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံက ပဋိပက္ခတွေချုပ်ငြိမ်းစေရေးအတွက် မြန်မာစစ်တပ်ကို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဩစတြေးလျက တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်မှု မှန်သမျှကို အကြမ်းဖက်နှိပ်ကွပ်ဖြိုခွင့်းခဲ့ပါတယ်။ 

ကလေးငယ်တွေ အပါအဝင် ထောင်ပေါင်းများစွာသော အရပ်သားတွေကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခဲ့တဲ့ အထောက်အထားသက်သေတွေလည်း ရှိနေတယ်လို့ ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုမျိုးစုံ ကျုးလွန်နေတာဖြစ်ပြီး အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်တာတွေအပါအဝင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးသုံး ပစ်ခတ်တိုက်ခိုက်တာတွေကိုပါ နေ့စဉ် ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024