Home
မြန်မာသတင်း
ရွေးကောက်ပွဲမတိုင်ခင်အထိ စစ်ခေါင်းဆောင် အာဏာကို ဘယ်လိုဆက်ယူ ချုပ်ကိုင်ထားမလဲ
အောင်သူ
·
January 25, 2023

မကြာခင်ရက်ပိုင်းမှာ ကျင်းပရဖို့ရှိနေတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့အချိန်ထိ ဆက်လက်အုပ်ချုပ်ခွင့်ပြုဖို့ စီမံဆုံးဖြတ်နိုင်ခြေများတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို စစ်တပ်က ချုပ်ကိုင်ခဲ့တဲ့လမ်းစဉ်ကို ဆက်လက်ကျင့်သုံးပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့အချိန်ထိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ နိုင်ငံတော်အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြံစည်နေတာလို့  နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးထောင်ချထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကာ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကာလဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်း ၂ နှစ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်ဟာ ကာလုံအစည်းအဝေးကနေ အာဏာကို ဒုသမ္မတ ဦးမြင့်ဆွေထံ ပြန်လွှဲပြီး နောက်ကွယ်ကနေ ကြိုးကိုင်ဖို့ ဒါမှမဟုတ် ကြားဖြတ်အဖွဲ့တဖွဲ့ အမည်သစ်တမျိုးနဲ့ ထပ်မံဖွဲ့စည်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပဲ ဆက်လက် အာဏာချုပ်ကိုင်ထားမယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ ခန့်မှန်းသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ အရတော့  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ ပုဒ်မ ၄၁၇ နဲ့ ၄၁၈ အရ ကာကွယ်ရေးဦးစီးချုပ် အာဏာရယူခဲ့တဲ့ အချိန်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အစီရင်ခံစာ တင်ပြလာတာကို လက်ခံရရှိတဲ့အခါမှာ ပုဒ်မ ၄၁၈ အရ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပေးခဲ့တဲ့အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာရယူစဉ်မှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်း အားလုံးကိုလည်း ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေပုဒ်မ ၄၂၇ (က) အရ အာဏာအရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ပြီး ၄၂၇ (ခ) အရ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းတွေကို အသစ်ထပ်မံဖွဲ့စည်းကာ သင့်တော်တဲ့သူတယောက်ကို အာဏာလွှဲအပ် ကျင့်သုံးပိုင်ခွင့်လည်း ရှိနေပါတယ်။

ဒီအချက်ကြောင့်ပဲ အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နောက်တကြိမ် ပြန်ကျင်းပနိုင်ခြင်းမရှိတဲ့အချိန်ထိ နိုင်ငံတော်အာဏာကို ရယူထားနိုင်တယ်လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးဋ္ဌေးက “မင်းအောင်လှိုင်ကို ပြန်ပြီးတော့ ၄၂၇ အရ တာဝန်ပေးရင်လည်း ရတယ်။ ဒါမှမဟုတ် တခြားပုဂ္ဂိုလ်များကိုလည်း တာဝန်ပေးလို့လည်း ရတယ်။ အဲကျတော့ လက်ရှိမှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတော့ အကျပ်အတည်းကို ထိုက်သင့်တာ ရှောင်ရင်တော့ သူတို့က မင်းအောင်လှိုင်ကို တာဝန်မပေးဘဲနဲ့ တခြားပုဂ္ဂိုလ်တွေကို တာဝန်ပေးမှာပေါ့။ သို့သော်လည်း အကျပ်အတည်းကို လက်ရှိအတိုင်း ဆက်လက်ပြီးတော့ မိုက်တွင်းနက်မယ် ဆိုရင်တော့ မင်းအောင်လှိုင်ကို တာဝန်ပေးပြီးတော့ သေမထူးနေမထူး ဆက်လက်ပြီးတော့ ထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲကို ကျင်းပပြီးတော့ ပြန်ပြီးတော့ အာဏာယူမယ့်အခြေအနေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ (ခ) အရ အသစ်ထပ်မံခန့်အပ်လိုက်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံးဟာ နိုင်ငံတော်သမ္မတအသစ်နဲ့ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ခြင်း မရှိတဲ့ အချိန်ထိ တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ နိုင်ငံတော်အာဏာကို ကျင့်သုံးဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်သမ္မတ အမည်နဲ့ ဖော်ပြဆောင်ရွက်ရမှာဖြစ်ပြီး ပုဒ်မ ၄၂၉ အရ စစ်တပ်အာဏာလွှဲပေးတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတဲ့နေ့ကနေစပြီး ၆ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်က “၆ လအတွင်းမှာ ရွေးကောက်ပွဲကို ကျင်းပပေးရမယ်လို့ ပါတယ်။ ကျင်းကို ကျင်းပပေးရမယ်။ မကျင်းပဘဲနဲ့ ဆက်ပြီးတော့ အာဏာသိမ်းလို့ မရဘူး၊ ကာကွယ်ရေးဦးစီးချုပ်က။ ကျင်းပပြီးတော့ အောင်မြင်အောင် ကျင်းပပေးရမယ်လို့ မပါဘူး။ အဲတော့ ကျင်းပပေးတဲ့ ရွေးကောက်ပွဲကြီးက မအောင်မြင်ဘူးပေါ့ဗျာ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရေအတွက်ဟာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်နဲ့ မပြည့်မီဘူး။ ဘာကြောင့်လဲ ရွေးကောက်ပွဲကို မကျင်းပနိုင်တဲ့ လက်ရှိအနေအထားသည် မဖြစ်ဘူး။ အဲဒီအခင်းအကျင်း ထပ်ဖြစ်လို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်ကို ထပ်ပြီးတော့ အာဏာမအပ်နိုင်ဘူးလို့ ခင်ဗျား မပြောနိုင်ဘူး။ အစိုးရတရပ်ဖွဲ့နိုင်တဲ့  လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို ရအောင်မလုပ်နိုင်ဘူးဆိုရင် ရအောင်လုပ်နိုင်ဖို့ ကာလုံမှာ တာဝန်ရှိတယ်လို့တော့ အဓိပ္ပာယ်ရောက်သွားတာပေါ့။ အဲတော့ ကာလုံမှာ တာဝန်ရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်အောင်ဆိုရင် တရားဥပဒေစိုးမိုးမှု လိုလာတယ်။ နိုင်ငံတော်ရဲ့အာဏာကို ကာကွယ်ရေးဦးစီးချုပ်ကို ပြန်ပြီးအပ်ရတော့မယ်။ ဒီလိုပဲ ဖွဲ့စည်းပုံနဲ့သွားရတော့မှာပေါ့” လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် ၆ လအတွင်းမှာ ရွေးကောက်ပွဲကျင်းပရမယ်လို့ ဖော်ပြထားပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ရွေးကောက်ပွဲစနစ် ပြင်ဆင်ကျင့်သုံးဖို့ ရွေးကောက်ပွဲကော်မရှင်အသစ်က အချိန်မီထုတ်ပြန်နိုင်ခြင်း ရှိ၊ မရှိ ပေါ်မှာလည်း  မူတည်နေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆိုတာက အခြေအနေတွေပေါ်မှာ မူတည်ပြီး ကျင်းပနိုင်မယ်လို့ တပ်အပ်မပြောနိုင်ကြောင်း VOA သတင်းဌာနကို ဖြေဆိုထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (င) အရ သဘာဝဘေးအန္တရာယ်အရလည်းကောင်း၊ နယ်မြေလုံခြုံမှုမရှိရင်သော်လည်းကောင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နေရာတွေကို ရွှေ့ဆိုင်းထားနိုင်တယ်လို့ ဖော်ပြထားတာကြောင့် စစ်တပ်ထိန်းချုပ်နယ်မြေတချို့မှာသာ ရွေးကောက်ပွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခြေနည်းတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ကို ရွေးကောက်ပွဲကျင်းပနိုင်တဲ့အချိန်ထိ နိုင်ငံတော်အာဏာကို လွှဲပေးပြီး ရွေးကောက်ပွဲ ဖြစ်နိုင်ခြေကလည်း နည်းနေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ ရောက်တာနဲ့ ကာလုံကနေပြီးတော့မှ ခေတ္တခဏ အာဏာပြန်ယူ၊ ပြီးရင် ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပဲ တခါထပ်ပြီးတော့ အာဏာလွှဲပေါ့ဗျာ။ သူ့ကို အဲလိုမျိုး နှစ်ခါ သုံးခါ ဆက်တိုက်ဆက်တိုက် အာဏာလွှဲလို့မရဘူး ဆိုတာကလည်း ဥပဒေမှာ ရေးမထားဘူးလေ။ အဓိကအားဖြင့်တော့ စစ်တပ်အနေနဲ့ အာဏာလက်မဲ့မဖြစ်အောင် သူတို့လိုချင်တဲ့ တိုင်းပြည်အာဏာကို ဆက်လက် ထိန်းသွားနိုင်ဖို့အတွက် နည်းလမ်းရှာသွားနိုင်စရာရှိတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။  ရွေးကောက်ပွဲကတော့ မပြေးသော် ကန်ရာရှိပေါ့ဗျာ။ သူ့အနေနဲ့ မဖြစ် ဖြစ်အောင် ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ အကြားအလပ်မရှိတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ရာ သူ့အနေနဲ့ ဘယ်လောက်ပဲ ကြိုးပမ်းနေဦးတော့ အခြေအနေမပေးသေးဘူးဆိုတဲ့ အကြောင်းပြချက်တရပ် ရယူပြီးတော့မှ အာဏာဆက်ထိန်းသွားတဲ့ အနေအထားကိုလည်း ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အမြင်ကတော့ ရွေးကောက်ပွဲဖြစ်ဖို့က ရာခိုင်နှုန်း သိပ်နည်းတယ်။ ဖြစ်လာစရာအကြောင်း သိပ်မရှိဘူးလို့ သုံးသပ်ပါတယ်။ အဲဒီအခါကျရင် ရွေးကောက်ပွဲ မဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ကျနော်တို့ ဒီမိုကရေစီ ရှင်သန်ဖို့အတွက်ကတော့ ပိုပြီးတော့မှ ရုန်းကန်ရမယ့် အနေအထား ရောက်သွားတာပေါ့ဗျာ” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဒီလအကုန်မှာ သူ တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာကို ကာလုံအစည်းအဝေးမှာ တင်ပြပြီး အာဏာကို ဆက်လက်ရယူဖို့ စီစဉ်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ဒီဗွီဘီကို ပြောပေမဲ့ ဘယ်လိုနည်းလမ်း ကျင့်သုံးမလဲဆိုတာကို မသိကြောင်း ပြောပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်ကို လွှဲအပ်ပိုင်ခွင့်မရှိတဲ့ ဒုသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိ ကာလုံအစည်းအဝေးကိုလည်း ခေါ်ယူကျင်းပပိုင်ခွင့်မရှိတာကြောင့် တရားမဝင်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ကာလုံအမည်ခံ မင်းအောင်လှိုင်ပဲ ပြန်အုပ်ချုပ်သွားမှာဗျာ။ အဲဒီလုပ်သမျှ၊ ထုတ်သမျှအမိန့်တွေ၊ နောက်ကိစ္စအဝဝ အကုန်လုံးကို ဦးမြင့်ဆွေအစိုးရက အမည်ခံသွားမှာပေါ့။ သို့သော်လည်းပဲ တကယ်အုပ်ချုပ်မှာကတော့ မင်းအောင်လှိုင် အုပ်ချုပ်မှာ။ ဦးမြင့်ဆွေမှာ အာဏာမှမရှိတာကြီးကို။ အဲဒီ အာဏာမရှိတဲ့ ဦးမြင့်ဆွေက ခေါ်တဲ့ ကာလုံကလည်း ဘယ်လိုလုပ်ပြီးမှ တရားဝင်မှာလဲ။ ရွေးကောက်ပွဲ လုပ်ကိုလုပ်မှာ။ သူ အဲဒီအပေါက်ကထွက်မှာ။ အဲဒါကြောင့် ရွေးကောက်ပွဲ မဖြစ်ခဲ့သော် ဆိုတာကို တွေးမနေနဲ့၊ အဲဒါ နတ်ကရာကျီးမော့ဖြစ်မနေနဲ့၊ ကိုယ်လုပ်စရာရှိတာကို တော်လှန်ရေးအဖွဲ့အစည်းတွေက လုပ်ရမှာ။ ရွေးကောက်ပွဲက ရှင်းရှင်းပြောရရင် ပျက်အောင်ဖျက်၊ အမှန်ကတော့ ဖျက်ရမှာ။ ရွေးကောက်ပွဲမတိုင်ခင် မပျက်သေးဘူး။ ရွေးကောက်ပွဲပြီးတော့မှ တိုင်းပြည်ပျက်တယ်ဆိုတာ အဲတော့မှ ဒီကောင်တွေချည်း အုပ်ချုပ်မှာ” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရကတော့ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားသလို အမေရိကန်နိုင်ငံနဲ့ နိုင်ငံတကာကလည်း စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ်၊ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲပေးမယ်၊ မြန်မာနိုင်ငံမှာ ဖောင်းပွနေတဲ့ နိုင်ငံရေးပါတီတွေကိုလည်း ကျစ်လျစ်ခိုင်မာအောင် ဖွဲ့စည်းဖို့နဲ့ ပါတီမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ဖို့ ပြောထားပါတယ်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က  ပြောပေမဲ့ ဘယ်အချိန်မှာ ရွေးကောက်ပွဲကျင်းပမယ် ဆိုတာကိုတော့ ပြောမထားပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024