
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ ရေတပ်ကားတစီးက ဝင်တိုက်ခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုသေဆုံးသွားသူဟာ စစ်တွေမြို့ ဘုမေအကွက် ၁၅ က ဦးမာမိုင်းအီနူး (၆၀ နှစ်) ဖြစ်ပြီး စစ်တွေမြို့ လမ်းမတော်ရပ်ကွက်ရှိ လမ်းမကြီးပေါ်မှာ စစ်ကောင်စီရဲ့ ရေတပ်ကားတစီးက ဝင်တိုက်သွားတာလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ လမ်းမကြီးက Wave Family KTV ရှေ့မှာ စစ်တပ်ကားက ဝင်တိုက်သွားတာလို့ မျက်မြင်တွေဆီက သိရပါတယ်။ တိုက်ပြီး သူတို့က ဆင်းလို့တောင် မကြည့်ခဲ့ဘူးလို့ ပြောကြတယ်။ မိသားစုတွေနဲ့လည်း လာတွေ့တာတွေ မရှိသေးဘူး။ အတိုက်ခံရတဲ့ ဦးမာမိုင်းအီနူးကတော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတာ။ အခု စစ်တွေဆေးရုံကြီး ရင်ခွဲရုံမှာ ပို့ဆောင်ထားတယ်။”
သူ့ရဲ့ရုပ်အလောင်းကို စစ်သားနှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆေးရုံမှာ လာရောက်ကြည့်ရှုခဲ့ကြပြီး အသက်သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေကို နစ်နာကြေးပေးဖို့ တစုံတရာ ပြောကြားသွားတာ မရှိဘူးလို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်းက ယာဥ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ၁၂၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၈၃ ဦးအထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့ စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ- မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း