
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မောလိပ်ရပ်ကွက် ဗုံးကြဲခံရမှုမှာ အသက်သေဆုံးသူ ၉ ယောက်အထိ ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ယောက်ထဲက ၅ ယောက်ဟာ အသက်အန္တရာယ်ရှိနေရဆဲလို့ ဆေးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မင်းဘာကြီးလမ်း ရွှေငါးစတိုးဆိုင် ခွဆုံအနီးမှာ အောက်တိုဘာ ၂၃ ရက် မနက်မှာ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခံရတာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ ၆ ယောက် သေဆုံးကာ ဆေးရုံအရောက်မှာ ၃ ယောက်သေဆုံးပြီ၊ နောက်ထပ်လည်း ဒဏ်ရာရရှိသူတွေအထဲက အသက်အန္တရာယ်ရှိနေသူ ၅ ယောက်အထိ ရှိနေသေးတယ်လို့ စစ်တွေဆေးရုံကြီး နီးစပ်သူတယောက်က ပြောပါတယ်။
“သေဆုံးသူ ၉ ဦးရှိပါပြီ။ ဆေးရုံ ရောက်ပြီမှ သေဆုံးသူ ၃ နဲ့ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသူ ၆ ဦးရှိတယ်။ ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိပြီးတော့ ၅ ဦးကတော့ အသက်အန္တရာယ်ရှိနေဆဲပါပဲ။ ကျနော်တို့က ကျန်းမာရေး ဝန်ထမ်းဖြစ်တဲ့အတွက် ဘယ်သူ့ပစ်တယ်ဆိုတာ မသိပါဘူး။”
ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ မောလိပ်ရပ်ကွက် ဗုံးကြဲခံရချိန်မှာ စစ်တွေမြို့ပေါ်မှာ စစ်အာဏာရှင်တပ်ရဲ့ Y-12 ဗုံးကြဲလေယာဉ် ပျံဝဲနေတာဖြစ်ပြီး လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့ ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်ဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိကြဘဲ နှစ်ဖက်စလုံးက နုတ်ဆိတ်နေကြပါတယ်။
စစ်တွေမြို့ပေါ် ဗုံးကြဲခံရပြီးနောက် မြို့ခံတွေအကြား စိုးရိမ်မှု အမြင့်မားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရပြီး အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်က ဒေသခံတွေဟာ ဘေးလွတ်ရာ ရပ်ကွက်တွေကို အရေးပေါ် ရွှေ့ပြောင်းနေကြတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက်က တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဗျာ။ အခု ဗုံးကြဲခံရတဲ့ နေရာက လူစည်းကားတဲ့ လက်ဖက်ရည်ဆိုင်တွေ ရှိတဲ့နေရာဆိုတော့ ထိခိုက်သေဆုံးမှုများသွားတာ။ သေဆုံးသွားသူတွေထဲ ရခိုင်တွေ၊ မွတ်ဆလင်တွေနဲ့ ပရဟိတ သမားလူငယ်တွေလည်း ပါသွားတယ်။ အမျိုးသမီးတွေလည်း ပါပေမဲ့ အမျိုးသားပိုများတယ်။”
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်တွေမြို့မှာ စစ်အာဏာရှင်တပ်က ဗုံးခိုကျင်းတွေ ပြုလုပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့အတွက် မြို့ခံတွေရဲ့ အသက်အန္တရာယ် လုံခြုံစေဖို့ ခိုအောင်စရာ နေရာမရှိဘဲ ဖြစ်နေကြတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်နဲ့ တဖက်ကမ်း ပေါက်တောမြို့နယ် ငပြီကျွန်းနဲ့ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ် အစပ်တို့မှာ နေ့တိုင်း တိုက်ပွဲတွေရှိနေကြပြီး စစ်အာဏာရှင်တပ်က မြေပြင်မှာ အရေးနိမ့်နေတာ ကြောင့် လေကြောင်းပစ်ကူတွေကို ပုံအောပြီး သုံးနေတာလို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။











