
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက်က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပွင့်ဖြူ ပ.က.ဖက ဇန်နဝါရီ ၂ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီလောက်မှာ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ လုံး Error ဖြစ်ပြီး တလုံးပေါက်ကွဲခဲ့တာကြောင့် ရဲ ၂ ယောက်၊ စစ်သား ၁ ယောက်နဲ့ စစ်ကောင်စီသတင်းပေး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပွင့်ဖြူ ပ.က.ဖ တာဝန်ခံ ရာဇာကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ မဲဇလီကြိုးတံတားပေါ်မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ သရက်-ကံမ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအတွက် လက်စားချေတာဖြစ်သလို နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပွင့်ဖြူ ပ.က.ဖ အနေနဲ့ နောက်နောင်မှာ ပြည်သူလူထုကို ဒုက္ခရောက်အောင် လျှပ်စစ်မီတာတွေကို ဖြုတ်ယူတာတွေ၊ မီတာဘေတွေကို ဖိအားပေးပြီး အတင်းအကျပ် ဆောင်ခိုင်းတာတွေ ပြုလုပ်ကာ စစ်ကောင်စီကို အားပေးအားမြှောက်လုပ်နေတဲ့ လျှပ်စစ်မန်နေဂျာနဲ့ လျှပ်စစ်ရုံးကိုလည်း တိုက်ခိုက်သွားမယ်လို့ ရာဇာကြီးက ပြောပါတယ်။
ပွင့်ဖြူ ပ.က.ဖ ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး ရဲဘော်တွေ လုံခြုံတဲ့နေရာရောက်အောင် စောင့်နေရတာကြောင့် သတင်းထုတ်ပြန်တာ နောက်ကျခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။