
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင်တတိုင်ကို ဇန်နဝါရီ ၂ ရက် မနက် ၈ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးလိုက်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“အရင်တခေါက် ကျပ်သိန်း ၅၀၀ နဲ့ ပြန်ပြင်လိုက်ရတဲ့ ကျုံလောင်းရွာဟောင်း Mytel တာဝါတိုင်ကြီး ခုမနက် သိန်း ၂,၀၀၀ ဖိုးလောက်ရှိမယ်။ စလောင်းဘန်းတွေ စက်တွေ အပါအဝင် အားလုံးကိုပါ ထပ်မံဖျက်ဆီးပစ်လိုက်ပါတယ်။”
မနက်က သေနတ်သံပစ်တာ လက်နက်ကြီးအသံတချက်ကြားရပြီး လက်နက်ငယ်အသံပါ ၁၀ ချက်မက ထပ်မံကြားရကာ မိနစ်အနည်းငယ်ကြာပစ်ပြီး ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ဇန်နဝါရီ ၁ ရက်က မွန်ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်မှာ အမှုထမ်းနေတဲ့ လက်နက်ကိုင်တွေအားလုံး လက်ရှိရာထူးကနေ နုတ်ထွက်သွားကြဖို့ ထပ်မံ နောက်ဆုံးသတိပေးထားပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မိုင်းခွဲဖျက်ဆီးခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်က Mytel တိုင်ပေါင်း ၂,၀၀၀ ကျော် ဖျက်ဆီးခံရလို့ ကျပ်ငွေသန်းနဲ့ချီ ဆုံးရှုံးထားပါတယ်။