
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အရပ်သား ၆ ယောက်ကို ကျောက်တော်မြို့နယ်တရားရုံးမှာ လုံခြုံရေးအပြည့်နဲ့ ဇန်နဝါရီ ၂ ရက် ဒီနေ့မနက်က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ကျောက်တော်ဒေသခံတွေဆီက သိရပါတယ်။
သူတို့ ၆ ယောက်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇ (၁)/(၂) နဲ့ အမှုဖွင့်ကာ ချုပ်ရမန်ရယူခြင်းမရှိဘဲ တိုက်ရိုက်တရားစွဲတင်ပြီး ဒီနေ့ ရုံးထုတ်စစ်ဆေးတာလည်း ဖြစ်ပါတယ်။
မိသားစုဝင်တဦးက “သူတို့ ၆ ဦးကို ဒီဇင်ဘာလ ၆ ရက်က ကျောက်တော်အခြေစိုက် စကခ ၉ နဲ့ စစ်ကောင်စီတပ်မ ၅၃၉ တို့က ဖမ်းဆီးပြီး ရဲစခန်းကို ပို့ထားတာ။ အမှုဖွင့်ပြီး ချုပ်ရမန်တွေရယူတာတောင်မရှိဘဲ ဒီနေ့မှာ တိုက်ရိုက် ရုံးထုတ်စစ်ဆေးတယ်ဆိုတော့ ဥပဒေနဲ့ မညီဘူးဖြစ်နေတယ်ဗျ” လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်လို့ စပ်စွဲပြီး တရားစွဲခံထားရသူ ၆ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ဝပြန်ကျေးရွာနေ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ကျေးရွာနေ ဦးသန်းစိုး၊ ရွှေနတ်ပြင်ကျေးရွာနေ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်နေ မောင်မျိုးကိုနဲ့ မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်နေ မောင်လင်းတို့ဖြစ်ပါတယ်။
သူတို့ ၆ ဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ကျောက်တော်အခြေစိုက်တပ်မ စကခ ၉ နဲ့ စစ်ကောင်စီတပ်ရင်း ၅၃၉ တို့က ဖမ်းဆီးခဲ့ပြီး ကျောက်တော်မြို့မရဲစခန်းကို ပို့ဆောင်ထားတာပါ။
သူတို့ကို စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့သူ ၃ ဦးကို ကျောက်တော်မြို့မဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“စစ်ကြောရေးမှာ ကျောပြင်က ပြင်းထန်တဲ့ဒဏ်ရာ ၃ ဦး ရရှိခဲ့တယ်။ နောက် ၃ ဦးလည်း ရိုက်ပုတ်တာ ခံကြရမှာပေါ့။ ဒဏ်ရာရတဲ့ ၃ ဦးကတော့ ဆေးရုံတက်ပြီး ဆေးကုသခဲ့ရတယ်။”
မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၅ လကြာ တကျော့ပြန်တိုက်ပွဲတွေကို လူသားချင်းစာနာထောက်ထားမှု အခြေခံပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က နှစ်ဖက်နားလည်မှုနဲ့ ယာယီအပစ်ရပ်ထားခဲ့ကြတာပါ။
အဲဒီလို အပစ်အခတ် ရပ်စဲထားတဲ့ကာလမှာ ရခိုင်ပြည်နယ် မြို့နယ်အားလုံးရှိ အေအေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆို ထောင်ချ ပြစ်ဒဏ်ပေးတာတွေကြောင့် ရခိုင်တပြည်နယ်လုံးရှိ အေအေနဲ့ဆက်စပ်သူ ထောင်ချီပြီး တိမ်းရှောင်နေကြရပါတယ်။