DVB Logo
Home
မြန်မာသတင်း
သတင်းအချက်အလက်များပေးပို့ရန် အိမ်ခြံမြေပွဲစားများကို စစ်ကောင်စီ ညွှန်ကြား
DVB
·
December 10, 2022
သတင်းအချက်အလက်များပေးပို့ရန် အိမ်ခြံမြေပွဲစားများကို  စစ်ကောင်စီ ညွှန်ကြား
Donate to DVB

စစ်ကောင်စီဟာ အိမ်ခြံမြေပွဲစားတွေကို သတင်းပို့အဖွဲ့အစည်းလို့ သတ်မှတ်ပြီး သူတို့ဆီကို သတင်းအချက်အလက်တွေပေးပို့ဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာညွှန်ကြားချက်လို့ခေါ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၉ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ငှားသူတွေရဲ့ ငွေကြေးလွှဲပြောင်းရာမှာ စစ်ကောင်စီဘက်က ညွှန်ကြားထားတဲ့ နည်းလမ်းတွေအတိုင်းလုပ်ဖို့နဲ့ မလုပ်ဘူးဆိုရင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ဆီကို သတင်းပို့ရမယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေအကျိုးဆောင် အသင်းအဖွဲ့ ကုမ္ပဏီတွေကတော့ အကြီးတန်း စီမံခန့်ခွဲမှု အဆင့်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိကို ခန့်ပြီး စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်သတင်းပို့ဖို့၊ သံသယဖြစ်စရာ ငွေကြေး လွှဲပြောင်းတာတွေကိုသတင်းပို့ဖို့ စသည်ဖြင့် သတ်မှတ် ညွှန်ကြားထားပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်ပွဲစားတွေအနေနဲ့ ရောင်းဝယ်ငှားရမ်းမယ့်သူနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရယူပြီး အနည်းဆုံး ၅ နှစ်မှတ်တမ်းထားဖို့၊ ထူးခြားတဲ့အမှုတွဲတွေကိုတော့ ဒါထက်မက ထိန်းသိမ်းဖို့ညွှန်ကြားထားပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ငှားလုပ်သူတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားသူတွေစာရင်းနဲ့ တိုက်ဆိုင်စိစစ်ပြီး တွေ့ရှိရင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ဆီကို ချက်ချင်းသတင်းပို့ရမယ်လို့ ဆိုပါတယ်။

ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အင်တာနက်စာမျက်နှာမှာတင်ပြထားတဲ့ အကြမ်းဖက်အဖွဲ့နဲ့ အကြမ်းဖက်သမားစာရင်း၊ လူအများအပြား သေစေတဲ့ လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှတ် ၁၇၁၈(၂၀၀၆)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်တဲ့စာရင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆိုင်ရာပြစ်မှုတွေကို တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသင်းချုပ်က ဖြန့်ဝေတဲ့ အကြမ်းဖက်သမားနဲ့ အကြမ်းဖက်အုပ်စုနာမည်ပျက်စာရင်း စတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူတယောက်က “သူတို့လိုချင်တဲ့ လမ်းကြောင်းကို ပုံဖော်နေတာပဲပေါ့။ ကဏ္ဍအားလုံးကို သူတို့ထိန်းချုပ်ပြီး သူတို့အကာအကွယ်ရအောင်လုပ်နေတာလို့ပဲမြင်ပါတယ်” လို့ ပြောပါတယ်။

အိမ်ခြံမြေပွဲစားတွေအနေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ခေါင်းဆောင်တဲ့အဖွဲ့ဆီမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတက်ရောက်ထားသူဖြစ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ နောက်ထပ်သင်တန်းတွေ ဖွင့်ရင်လည်း တက်မယ်ဆိုတဲ့အကြောင်း ခံဝန်ကတိပြုရဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013