
ကျနော်တို့တွေ သတင်းအချက်အလက် ရှားပါးနေတာ မဟုတ်ပါဘူး။ အခုလောက် များပြားတဲ့ သတင်းအချက်အလက်တွေလည်း မရရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ အခက်အခဲက “ဘာတွေ အမှန်တကယ် ဖြစ်ပျက်ခဲ့တာလဲ”၊ “ဘယ်သူတွေက ဘာတွေကို ဆုံးဖြတ်ခဲ့တာလဲ” ၊ “ဒီသတင်းအချက်အလက်က မှန်ရဲ့လား” စတဲ့ ရိုးရှင်းတဲ့ မေးခွန်းလေးတွေကို ဖြေဆိုဖို့ ခက်ခဲနေတာပါ။
ဒါ ကျနော်တို့ခေတ်ရဲ့ စိန်ခေါ်မှုပါပဲ။ သမိုင်းတလျှောက် ဆက်သွယ်ချိတ်ဆက်မှု အားအကောင်းဆုံး လူအဖွဲ့အစည်းတွေလည်း ရှုပ်ထွေးမှု၊ လှည့်ဖြားထိန်းချုပ်မှုနှင့် အပြန်အလှန် ယုံကြည်မှု လျော့နည်းသွားမှုတို့ အလွယ်တကူ ခံရနိုင်သော လူ့အဖွဲ့အစည်းတွေထဲမှာ ပါဝင်ကြပါတယ်။ သတင်းအချက်အလက် မှန်ကန်မှုကို တာဝန်ခံမှုထက် အချက်အလက်တွေ ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့ရောက်ရှိဖို့ကို အလေးပေးလာကြပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေရဲ့ အယ်လ်ဂိုရီသမ်တွေကလည်း တိကျမှန်ကန်မှုထက် စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေကို ပိုပြီးအလေးပေး ဖော်ပြလာပါတယ်။ လူလုပ်ဉာဏ်ရည်တု (AI) တွေကလည်း ယုံကြည်လက်ခံချင်စရာကောင်းတဲ့ မဟုတ်မမှန် အချက်အလက်တွေကို ဖန်တီးပေးပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ အမှန်တရားကို သိရှိပိုင်ခွင့်ဆိုတာ ပွင့်လင်းမြင်သာမှုသက်သက် မဟုတ်တော့ဘဲ သတင်းအချက်အလက် လွတ်လပ်မှုရဲ့ အသက်သွေးကြော ဖြစ်လာပါတော့တယ်။
လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ သင့်နာမည်ကို အသုံးပြုပြီး လုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေကို သေချာနားလည်သဘောမပေါက်ပါက လိမ်လည်လှည့်ဖြားမှုတွေ ပိုမိုများပြားလာပြီး မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက ဘာတာဝန်ခံမှုမှမရှိဘဲ လူအများကို အလွယ်တကူ မှားယွင်းယုံကြည်အောင် လှည့်ဖြားနိုင်ကြမှာ ဖြစ်ပါတယ်။
သတင်းအချက်အလက် သိရှိခွင့်ကို ဆုံးရှုံးလိုက်ရတဲ့အခါ လူ့အဖွဲ့အစည်းက အားနည်းပြီး ခုခံကာကွယ်နိုင်စွမ်း မဲ့သွားပါတယ်။ Access Now နဲ့ #KeepItOn မဟာမိတ်အဖွဲ့တို့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်မှာ နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ အင်တာနက် ဖြတ်တောက်ခံရမှု ၃၁၃ ကြိမ် ကြုံတွေ့ရပြီး အဆိုပါအရေအတွက်က ယနေ့အထိ မှတ်တမ်းတင်ထားသလောက်ထဲမှာ အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။ ဆက်သွယ်ရေး ဒါမှမဟုတ် အင်တာနက်ဖြတ်တောက်မှုက သတင်းစာပညာဆိုင်ရာ လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေပြီး၊ လူမှုအသိုက်အဝန်းရဲ့ အသံတွေကို တိတ်ဆိတ်သွားစေတဲ့အပြင် လူအများရဲ့ အသက်ကယ်တင်နိုင်တဲ့ အရေးကြီး သတင်းအချက်အလက်တွေကိုပင် ရယူနိုင်ခြင်း မရှိအောင် တားဆီးပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။
သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေတွေက သတင်းအချက်အလက် ယုံကြည် စိတ်ချရမှုနဲ့ မှန်ကန်တိကျမှုကို ထောက်ကူထိန်းသိမ်းပေးနေတဲ့ အခြေခံမဏ္ဍိုင်တရပ် ဖြစ်ပါတယ်။ UNESCO ရဲ့ နောက်ဆုံး စောင့်ကြည့်လေ့လာမှုစစ်တမ်းတွေအရ တိုးတက်မှုတွေကိုလည်း တွေ့မြင်ရပါတယ်။ UNESCO ရဲ့ ၂၀၂၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ သတင်းအချက်အလက် ရယူသိရှိခွင့်ကို ဥပဒေအရ အာမခံထားကြောင်း တွေ့ရှိရပါတယ်။
ဒါပေမဲ့လည်း ဥပဒေတရပ် ပြဋ္ဌာန်းထားတာတခုတည်းက လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်းလို့ မဆိုနိုင်ပါ။ နိုင်ငံအများအပြားမှာ စောင့်ကြည့်ထိန်းသိမ်းမှု၊ အယူခံဝင်မှုစနစ်၊ ဥပဒေအတည်ပြု အရေးယူဆောင်ရွက်မှု၊ မှတ်တမ်းထိန်းသိမ်းမှုနဲ့ ဒေတာစီမံခန့်ခွဲမှုတို့မှာ လက်တွေ့အားဖြင့် အားနည်းချက်တွေက ရှိနေဆဲ ဖြစ်ပါတယ်။ စစ်တမ်းမှာ ပါဝင်တဲ့ နိုင်ငံတွေ အနက် ၅၁ နိုင်ငံဟာ မှတ်တမ်းထိန်းသိမ်းရေးစနစ်တွေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေ ရှိကြောင်း တင်ပြခဲ့ပေမဲ့ သက်ဆိုင်ရာ မှတ်တမ်းအချက်အလက်တွေကို ပြသပေးနိုင်ခြင်း မရှိခဲ့ပါ။
သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ကော်မရှင်နာတွေနဲ့ တခြားစောင့်ကြည့်ကြပ်မတ်ရေး အဖွဲ့အစည်းတွေဟာ ဥပဒေအရ ပြဋ္ဌာန်းချက် အခွင့်အရေးတွေကို အမှန်တကယ် အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးတွေအဖြစ် ပြောင်းလဲပေးကြပါတယ်။
ဒါပေမဲ့ အားနည်းတဲ့လုပ်ပိုင်ခွင့်တွေ၊ ခန့်အပ်မှုနှောင့်နှေးတာ၊ ဘတ်ဂျက်လျှော့ချခံရတာ၊ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုတွေ၊ အာဏာလုပ်ပိုင်ခွင့်တွေ ကန့်သတ်ခံရတာနဲ့ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုအပေါ် ဖိအားပေး တိုက်ခိုက်မှုတွေကြောင့် ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ သတင်းအချက်အလက် ရယူသိရှိခွင့်စနစ် ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ ဒီအဖွဲ့အစည်းတွေကို ဥပဒေအရ အကာအကွယ်ပေးထားရမှာ ဖြစ်ပြီး၊ လုံလောက်တဲ့ အာဏာလုပ်ပိုင်ခွင့်တွေနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ပံ့ပိုးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မသင့်လျော်တဲ့ ဖိအားတွေနဲ့ ဩဇာလွှမ်းမိုးမှုတွေကနေလည်း ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။
UNESCO နဲ့ Centre for Law and Democracy တို့ရဲ့ ၂၀၂၅ ခုနှစ် စမ်းစစ်လေ့လာမှုက သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေတွေရဲ့ လက်တွေ့ အကောင်အထည်ဖော်မှုမှာ ကွာဟချက် ရှိနေတာကို ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၇၆ နိုင်ငံသို့ တူညီတဲ့ သတင်းအချက်အလက် တောင်းခံမှု ၁၄၆ ခု ပေးပို့ခဲ့ရာ ၃၈ ရာခိုင်နှုန်းထံမှ ခိုင်လုံတိကျတဲ့ ပြန်လည်ဖြေကြားချက်မရရှိခဲ့ဘဲ၊ ၄၂ ရာခိုင်နှုန်းသာ သတင်းအချက်အလက်ကို အပြည့်အစုံ ထုတ်ဖော်ဖြေကြားပေးပါတယ်။ ဒါ့အပြင် ပျမ်းမျှ တုံ့ပြန်ချိန်မှာ ၂၂ ရက် ကြာမြင့်ခဲ့ပါတယ်။ အဆိုပါ ဆန်းစစ်လေ့လာမှုကို အခုနှစ်မှာ ထပ်မံဆောင်ရွက်သွားမှာဖြစ်ပြီး တိုးတက်မှု ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
သတင်းအချက်အလက် ရယူသိရှိခွင့်ကို ခေတ်နဲ့အညီ ဆက်လက်ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ရည်ရွက်ချက်နဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတွေမှာတောင် အားနည်းချက်တွေနဲ့ ချို့ယွင်းချက် ဥပမာတွေကို နေရာအနှံ့ တွေ့မြင်နိုင်ပါတယ်။
သတင်းအချက်အလက် ရှားပါးကင်းမဲ့နေတဲ့ အခြေအနေမျိုးမှာ ရဲရင့်လွတ်လပ်တဲ့ သတင်းစာပညာက မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သတင်းစာပညာက သတင်းအချက်အလက်တွေကို လူထုနားလည်နိုင်တဲ့ အသိပညာအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် အချက်အလက်တွေကို စုံစမ်းဖော်ထုတ်ပေးခြင်း၊ မေးမြန်းစစ်ဆေးခြင်း၊ အတည်ပြုစိစစ်ခြင်းနဲ့ နောက်ခံအခြေအနေတွေနဲ့ ရှင်းလင်းဖော်ပြခြင်းတို့ကို ဆောင်ရွက်သလို သတင်းမှားတွေနဲ့ လွဲမှားတဲ့ သတင်းအချက်အလက်တွေကိုလည်း တုံ့ပြန်တားဆီးပေးပါတယ်။ တချို့သော အဖွဲ့အစည်းတွေ ဒါမှမဟုတ် ပုဂ္ဂိုလ်တွေက မဖြေဆိုချင်တဲ့ မေးခွန်းတွေကိုလည်း မေးမြန်းတင်ပြပေးပါတယ်။ ဒီကနေတဆင့် နိုင်ငံသားတွေကို လူမှုဘဝနဲ့ အများပြည်သူဆိုင်ရာ ကိစ္စရပ်တွေမှာ အဓိပ္ပာယ်ရှိစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ အသိပညာတွေကို ပံ့ပိုးပေးပါတယ်။
သတင်းမှားကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေမှာ အမှန်တကယ်ရှိနေပါတယ်။ UNESCO ရဲ့ ခန့်မှန်းချက်အရ သတင်းမှားဖြန့်ဝေမှုတွေကြောင့် စီးပွားရေးနဲ့ လူမှုရေး ကုန်ကျစရိတ်တွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၅၀ မှ ၅၁၀ အထိရှိနိုင်ပါတယ်။ ဒီအထဲမှာ ပြည်သူ့ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှုတွေ အားနည်းလာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ လွဲမှားစွာ လွှမ်းမိုးခံရခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေ နှောင့်နှေးခြင်း၊ ငွေကြေးဆုံးရှုံးမှုတွေ၊ ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးမှုတွေနဲ့ အဖွဲ့အစည်းတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု လျော့နည်းပျက်စီးလာခြင်းတို့ ပါဝင်ပါတယ်။
ဒါကြောင့် သတင်းမှားပြဿနာဟာ ဆက်သွယ်ရေးဆိုင်ရာ ပြဿနာတခု သက်သက်မဟုတ်ပါ။ ဒါဟာ စီမံအုပ်ချုပ်မှုဆိုင်ရာ အန္တရာယ်တခု၊ စီးပွားရေးအတွက် တာဝန်ဝတ္တရားနဲ့ ဆုံးရှုံးနိုင်ခြေတရပ် ဖြစ်သကဲ့သို့၊ ပြည်သူတွေရဲ့ သိရှိနားလည်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုလည်း တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတရပ်လည်း ဖြစ်ပါတယ်။
အများပြည်သူဆိုင်ရာ အသံလွှင့်မီဒီယာတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေဟာ အဆိုပါပြဿနာကို တန်ပြန်ထိန်းညှိပေးနိုင်တဲ့ အရေးပါတဲ့ အင်အားစုတွေ ဖြစ်ပြီး သူတို့ရဲ့ တာဝန်က ဘယ်လိုပင်ဖြစ်စေ၊ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကို လိုက်ရှာဖို့ မဟုတ်ဘဲ၊ လူတွေအားလုံးကို မှန်ကန်တိကျတဲ့ သတင်းအချက်အလက် ဝန်ဆောင်မှုပေးဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ မီဒီယာလုပ်ငန်းတွေဟာ လက်ရှိမှာ ပရိသတ်အမျိုးအစားအုပ်စုတွေ ကွဲပြားလာတာ၊ သတင်းမီဒီယာအပေါ် ယုံကြည်မှု အားနည်းလာတာ၊ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ၊ ဘဏ္ဍာရေးအခက်အခဲတွေ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေအပေါ် ရပ်တည်မှုအတွက် မှီခိုနေရတာနဲ့ သတင်းမှားတွေ၊ လူလုပ်ဉာဏ်ရည်တု (AI) တွေနဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေနဲ့ လှည့်ဖြား ပြုပြင်ထားတဲ့ အကြောင်းအရာတွေ အလွန်များပြားလာတာတွေ တပြိုင်နက် ရင်ဆိုင်နေရပါတယ်။
အရည်အသွေးမြင့် သတင်းအတတ်ပညာကို ဆက်လက်ထုတ်လုပ်နိုင်ဖို့အတွက် မီဒီယာရဲ့ ရုန်းကန် ကြိုးစားမှုဟာ သတင်းမီဒီယာကဏ္ဍတခုတည်းရဲ့ အရေးကိစ္စမဟုတ်ဘဲ ဒီမိုကရေစီစနစ် တရပ်လုံးနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ ကိစ္စတရပ် ဖြစ်ပါတယ်။
အဆိုပါစိန်ခေါ်မှုတွေကို တုံ့ပြန်ဖြေရှင်းရာမှာ အများပြည်သူ အကျိုးစီးပွားကို ဦးတည်တဲ့ သတင်းစာအတတ်ပညာအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်တိုးမြှင့်ခြင်း၊ အယ်ဒီတာပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ပေးခြင်း၊ အချက်အလက် စစ်ဆေး အတည်ပြုခြင်း (fact-checking) လုပ်ငန်းတွေကို ပံ့ပိုးခြင်း၊ အများပြည်သူ အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေကတဆင့် အတည်ပြု စစ်ဆေးခြင်း (open-source verification)၊ မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ အသိပညာမြှင့်တင်ပေးခြင်း၊ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ရပါမယ်။
သတင်းမှားတွေဟာ ကမ္ဘာတဝန်း အလျင်အမြန် ပျံ့နှံ့သွားနိုင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို တင်ဆက်ပေးနေတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာလည်း နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာတွေ မရှိပါက သတင်းအချက်အလက်စနစ်တရပ်လုံး ပိုမိုဆင်းရဲချို့တဲ့လာမှာဖြစ်ပြီး လွယ်ကူစွာ ထိခိုက်ပျက်စီးနိုင်တဲ့ အခြေအနေသို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ကို ကာကွယ်စောင့်ရှောက်ရမဲ့ တာဝန်ကို သူတို့တဖက်တည်းကသာ ထမ်းဆောင်လို့ မရနိုင်ပါ။
ကမ္ဘာ့သတင်းနေ့ (World News Day) နှင့် အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် ရယူသိရှိခွင့်နေ့ (International Day for Universal Access to Information) :
ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု လက်တွေ့ကျတဲ့ ပြဿနာတွေဖြစ်ပြီး သတင်းအချက်အလက် ကဏ္ဍမှာ ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်အားလုံးအနေနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။
၁။ အစိုးရတွေအနေနဲ့ သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေတွေကို ထိရောက်စွာ အကောင်အထည်ဖော်ရမှာဖြစ်ပြီး၊ လွတ်လပ်တဲ့ ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့အစည်းတွေကို ကာကွယ်ပံ့ပိုးပေးရမယ်။
၂။ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေနဲ့ နည်းပညာကုမ္ပဏီတွေအနေနဲ့ ၎င်းတို့ ဖန်တီးထားတဲ့ သတင်းအချက်အလက်ပတ်ဝန်းကျင်တွေအတွက် အပြည့်အဝ တာဝန်ယူရမှာဖြစ်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ အပြည့်အဝ ကိုက်ညီအောင် ဆောင်ရွက်ရမယ်။
၃။ မီဒီယာအဖွဲ့အစည်းတွေအားလုံးဟာ ပရိသတ်ရောက်ရှိမှု (Reach) ထက် တိကျမှန်ကန်မှုနဲ့ စနစ်တကျ စိစစ်တင်ပြမှုကို အမြဲ ဦးစားပေးရွေးချယ်သင့်တယ်။
လွတ်လပ်စွာစီးဆင်းနေပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေဟာ လူတိုင်းအတွက် မျှဝေခံစားရတဲ့ အကျိုးကျေးဇူးတရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကျိုးကျေးဇူးဟာ သတင်းအချက်အလက်ရယူသိရှိခွင့်ကို ကာကွယ်ပေးတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အမှန်တရားကို ပိုမိုတန်ဖိုးထားရှာဖွေတင်ပြတဲ့ သတင်းသမားတွေနဲ့ အချက်အလက်အမှန်တွေကို သိရှိပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအပေါ် မူတည်ပါတယ်။
သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိတဲ့ အကျိုးအမြတ် (Integrity Dividend) သည် အမှန် တကယ် ရှိပါတယ်။ ဒါပေမဲ့ ဒီအကျိုးကျေးဇူးကို လူတိုင်း မိမိရဲ့တာဝန်ကို မျှဝေ ထမ်းဆောင်မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒေးဗစ်ဝဲလ်စလီ၊ မာရီယာဂါဘရီယဲလ်၊ လစ်ဇ်ကော်ဘင်
(စက်တင်ဘာ ၂၈ ရက်မှာ ကျရောက်တဲ့ International Day for Universal Access to Information (IDUAI) အထိမ်းအမှတ်အဖြစ် UNESCO အဖွဲ့က ရေးသားပေးပို့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။ )
Ref: The Integrity Dividend: The Value of Knowing
By
-David Walmsley, President, World Editors Forum, Editor in Chief, Globe and Mail
-Mariya Gabriel, Assistant Director-General for Communication and Information at UNESCO
-Liz Corbin, Director of News, European Broadcasting Union.










