DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်များ စိတ်ဒဏ်ရာ ခံစားနေရ
DVB
·
December 8, 2022
ကရင်စစ်ဘေးရှောင်များ စိတ်ဒဏ်ရာ ခံစားနေရ
Donate to DVB

စစ်ကောင်စီက နေအိမ်တွေဖျက်ဆီးတာ၊ မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာ စတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကရင်ပြည်နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာတွေ လူတိုင်းနီးပါး ခံစားနေရတယ်လို့ ကေအန်ယူ ကျန်းမာရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေတွေအတွင်း နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက တိုက်ပွဲမဖြစ်ပွားခင်နဲ့ ဖြစ်ပွားပြီးတိုင်း ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာ၊ နေအိမ်တွေကိုမီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (KDHW) အတွင်းရေးမှူး စောလာဆဲက ပြောပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာတွေ လူတိုင်းနီးပါး ခံစားနေရတယ်။ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားနေတဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေက ပိုခံစားရတယ်။”

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၃ သိန်းခွဲကျော်ဟာ နေအိမ်စွန့်ခွာပြီး တောတောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ် သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကျန်းမာရေးဝန်ထမ်း ၁,၆၀၀ နီးပါးက လုပ်ဆောင်ပေးနေသလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတွေကိုပါ လုပ်ဆောင်ပေးနေရပါတယ်။

ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးရတဲ့အပြင် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ကြောက်ရွံ့ခံစားရတာတွေကြောင့် ရောဂါဝေဒနာတွေ ပိုများလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ နယ်မြေကျော်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေလို့ စစ်ဘေးရှောင် အရေအတွက်ဟာ နေ့စဉ်တိုးနေပါတယ်။

အဲဒီထဲက ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ရာသီဥတုဒဏ်တွေကြောင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေပါ ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆေးဝါးတွေအပြင် နေထိုင်စားသောက်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၃ သိန်းခွဲကျော်အထိ ရှိလာပြီး အဲဒီအထဲမှာ ကလေးသူငယ်က တဝက်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013