
ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့မှာ စစ်အာဏာရှင်က အကျဥ်းသား ၁,၅၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့ရာမှာ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ဒါရိုက်တာ ၂ ယောက် ပြန်လွတ်လာသလို အင်းစိန်အကျဥ်းထောင်က အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာပါတယ်။
စစ်တပ်က သူတို့ရဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ သဘောထားမှတ်ချက်ပေးခဲ့လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူ တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
အနုပညာရှင်တွေနဲ့ နီးစပ်သူတယောက်က “ဒါရိုက်တာအောင်ချမ်းလူ လွတ်မြောက်လာတာ ဟုတ်ပါတယ်၊ တခြားသူတွေ သတင်းကိုတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာရှိတဲ့ အကျဥ်းသား အကျဉ်းသူ စုစုပေါင်း ၁,၅၀၈ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ နဲ့ ဒီနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ဘဲ သာမန်အမှုငယ်တွေကနေ လွတ်ရက်နီး အကျဥ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့တာလို့ အကျဥ်းဦးစီးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“သီးခြားခွဲလွှတ်တာတော့ မရှိဘူး။ ကျနော်တို့ အလုံးစုံလုံးတော့ ပြောတာမဟုတ်ဘူး။ တပ်မတော် အက်- ဆိုရင်လည်း နည်းနည်းပဲ ၂ ယောက်၊ ၃ ယောက် အဲဒီလို လွှတ်ပါတယ်။ ရဲပြေးဆိုလည်း နည်းနည်း အဲဒီလို ပါပါတယ်။ ကျန်တဲ့ဟာတွေကတော့ အကျန်နည်းတဲ့ဟာတွေ အဲဒီလိုမျိုးပေါ့။ နိုင်ငံရေးရေးအမှု အဲဒီလိုတော့ မပါဘူး။”
အကျဥ်းသားတွေကို လွှတ်ပေးရာမှာ အရင်အကြိမ်တွေတုန်းကထက်စောပြီး မနက် ၉ နာရီကတည်းက အကျဉ်းထောင်တွေကနေ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအမှုနဲ့ အမှုကြီးသမားတွေ မပါဝင်လာလို့ မနက် ၁၀ နာရီအထိ မီဒီယာတွေနဲ့ အကျဥ်းသား မိသားစုဝင်တွေကတော့ ထပ်မံလွတ်မြောက်လာနိုင်မဲ့ အခြေအနေကိုသိရဖို့ ဆက်လက် စောင့်ဆိုင်းနေကြပါတယ်။
ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရသူတယောက်ရဲ့ မိသားစုဝင်က “အိမ်က ကလေးတော့ မပါပါဘူး။ ဒါပေမဲ့ ၆ ပုံ ၁ ပုံ လျှော့တယ်ဆိုတော့ ခုနဲ့ဆိုရင် နှစ် ၃၀ လောက်တော့ ကျန်သေးတယ်ပေါ့၊ တခြား ရွေးကောက်ပွဲ ဥပဒေသမားတွေကိုတော့ လွှတ်ပေးတယ် ကြားတော့လေ လွတ်မြောက်စေချင်တာပေါ့။ အတူတူကျနေတဲ့ တခြားကလေးတွေလည်း မလွတ်ပါဘူး၊ သူတို့ မိဘတွေလည်း မျှော်နေကြတယ်” လို့ ပြောပါတယ်။
တောင်ငူအကျဉ်းထောင်မှ အကျဉ်းသူ အကျဉ်းသား ၁၁ ယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းမှာလည်း အကျဉ်းသား ၄,၃၃၅ ယောက် လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီတို့လို့ လူသိများ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉၂ ယောက်သာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဧပြီ ၁၈ ရက်နေ့ နောက်ဆုံး ကောက်ယူပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။











