
ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ လျှပ်စစ်ဓာတ်အားကို တိုးပြီးပေးမယ်လို့ စစ်အာဏာရှင်လက်အောက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပေမဲ့ တကယ်တမ်းမှာတော့ ပိုပြီးတော့ မီးပြတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၂ ရက်နေ့ကစလို့ ရန်ကုန်မှာ မီးပေးချိန်ကို နာရီ ၂၀ အထိ၊ မန္တလေးမှာ ၁၈ နာရီအထိ တိုးပေးမယ်လို့ ဆိုထားပြီး တခြားဒေသတွေမှာလည်း မီးပေးချိန် တိုးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အရင်က မီးလာတဲ့အချိန်တွေမှာတောင် မီးပြတ်နေတတ်ပြီး မီးလာမဲ့အချိန်ကိုလည်း မခန့်မှန်းနိုင်တော့တာကြောင့် နေ့စဉ်ဘဝနဲ့ လုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ နေသူတယောက်က “မီးက ပိုပိုပြတ်လာတယ်။ လာရမဲ့အချိန်လည်း မလာဘူး။ မီးသာ မလာတာ။ မီတာခက နှစ်ဆလောက်ပေးရတယ်။ မီးလာချိန်ကို တိုးမပေးရင်နေပါ။ လာရမဲ့အချိန်လေးကိုပဲ မှန်အောင်လာစေချင်တယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်လက်အောက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ နေရောင်ခြည်စွမ်းအင်တွေကို ပေါင်းစပ်အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်မှု တိုးမြှင့်ဖို့ အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိမှာတော့ အရင်က မပြတ်ခဲ့တဲ့အချိန်မျိုးတွေမှာလည်း မီးပြတ်နေတာကြောင့် ရာသီဥတု ပူပြင်းချိန်မှာ ညအိပ်ဖို့တောင် ခက်ခဲလာတယ်လို့ ပြည်သူတွေက ဆိုပါတယ်။










