DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် အကယ်ဒမီ မင်းမော်ကွန်း ဂစ်တာ ရောင်းချမည်
DVB
·
December 1, 2022
ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် အကယ်ဒမီ မင်းမော်ကွန်း ဂစ်တာ ရောင်းချမည်
Donate to DVB

ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် အကယ်ဒမီ မင်းမော်ကွန်းဟာ သူအမြတ်တနိုးပိုင်ဆိုင်တဲ့ ဂစ်တာကံစမ်းမဲလက်မှတ်တွေကို ဒီဇင်ဘာ ၁ ရက် ဒီကနေ့မှာ စတင်ပြီးတော့ ရောင်းချနေပါတယ်။

ဒီဂစ်တာလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက စတင်ပြီးတော့ သီချင်းပေါင်း မြောက်မြားစွာ ရေးခဲ့၊ ဆိုခဲ့၊ တီးခတ်ခဲ့တဲ့ သူ့ရဲ့မိတ်ဆွေ သူငယ်ချင်းလည်းဖြစ် ရဲဘော်ရဲဘက်လည်း ဖြစ်ပါတယ်လို့ အကယ်ဒမီ မင်းမော်ကွန်းက လူမှုကွန်ရက်မှာပြောပါတယ်။

“ကျနော် တောထဲ တောင်ထဲ ရောက်တဲ့အချိန်မှာ ရန်ကုန်ကနေ ပြည်လည်ပြီးတော့မှာယူခဲ့တဲ့ တခုတည်းသော အမြတ်နိုးဆုံး အမှတ်တရပစ္စည်းလည်း ဖြစ်ပါတယ်။ ဒီဂစ်တာလေးနဲ့ ကျနော် ပထမဆုံးရေးခဲ့တဲ့သီချင်းက 'အေဘီစီဒီ' သီချင်းဖြစ်ပြီးတော့ နောက်ဆုံးရေးခဲ့တဲ့သီချင်းကတော့ 'မအလ' သီချင်းဖြစ်ပါတယ်။ ကြားထဲမှာလဲ သီချင်းပေါင်းမြောက်မြားစွာကို ဒီဂစ်တာလေးနဲ့အတူတူ ရေးစပ်ခဲ့တယ်၊ သီဆိုခဲ့တယ်။ ခု ဒီဂစ်တာလေးကို ကျနော်ရန်ကုန်အတွက် ရည်ရွယ်ပြီးတော့ ကံစမ်းမဲလုပ်ချင်ပါတယ်။ ကျနော့်ရဲ့ အမှတ်ရဆုံး ပစ္စည်းလေးတစ်ခုကို ကျနော့်ရဲ့ မွေးရပ်ဇာတိမြေအတွက် ပြန်လည်ပြီးတော့ အကျိုးပြုတဲ့အနေနဲ့ ကံစမ်းမဲလုပ်ချင်ပါတယ်။ ရန်ကုန်မြေပြင်တော်လှန်ရေးအတွက် လိုအပ်နေတဲ့နေရာတွေကို ကျနော် ဖြည့်ဆည်း ပေးချင်ပါတယ်။ ဒီအတွက် အားလုံးပါ၀င်ပေးဖို့ကို ကျနော် ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။”

“ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ”လို့ အမည်ပေးထားတဲ့ ဒီကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ လက်မှတ် ၁ စောင်ကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ညီမျှတဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးနှုန်းတွေနဲ့ ၀ယ်ယူကံ စမ်းနိုင်မှာဖြစ်ကာ လာမယ့် ဇန်န၀ါရီ ၁ ရက်မှာ ကံစမ်းမဲလက်မှတ်ကံထူးရှင်ကို မဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

အကယ်ဒမီ မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်းဖြစ်ကာ လက်နက်ကိုင်နယ်မြေတခုကနေ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် သူကိုယ်တိုင် နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကနေ နုတ်ထွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နေတိုး၊ မင်းမော် ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ အဆိုတော် ရဲလေးတို့က ပင်တိုင်ပါဝင်တင်ဆက်ခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အချိန် ၁၅ နှစ်လောက်အတွင်းမှာ ပရဟိတရန်ပုံငွေပွဲ ပေါင်းများစွာ တင်ဆက်ခဲ့ဖူးပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ အနုပညာရှင်တွေရော ပြည်သူတွေပါ တသားတည်းရပ်တည်ပြီးတော့ ပါဝင်နေကြချိန်မှာ မင်းမော်ကွန်းကလွဲလို့ ကျန်တဲ့ နှင်းဆီအဖွဲ့သားတွေ မပါဝင်လာတဲ့အပေါ် ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေခဲ့ကြချိန်မှာပဲ သူက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းကာလ တနှစ်ခွဲကျော်လာခဲ့တဲ့တိုင် မင်းမော်ကွန်းဟာ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ တစိုက်မတ်မတ်ပါဝင်လှုပ် ရှားနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက မတရား အာဏာသိမ်းယူခဲ့တဲ့ ကာလတွေအတွင်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂၅၅၀ ကျော်နဲ့ လတ်တလောအချိန်ထိတိုင်အောင် ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၁၃၀၀၀ ကျော် ရှိနေခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တွေလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013