
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး ပြည်သူတွေကို လောင်စာဆီသယ်ယူခွင့်မပေးဘဲ မှောင်ခိုကျောက်ခိုးတူးနေတဲ့ ကုမ္ပဏီတွေကိုတော့ စစ်တပ်က တရားမဝင် လောင်စာဆီတင်ပို့ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းဒေသကို စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်မက လောင်စာဆီတင်ပို့ခွင့်တွေ စက်ဘာလကုန်ပိုင်းကစပြီး ပိတ်ပင်ခဲ့တာ တလနီးပါးရှိပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတွေသုံးမယ့် လောင်စာဆီကားတွေကိုတော့ ဖားကန့်အထိ မတက်ခိုင်းဘဲ နန့်ယားကနေ ပိတ်ထားပေမဲ့ ကျောက်ခိုးတူးတဲ့ ကုမ္ပဏီကားတွေသယ်တဲ့ ဆီနဲ့ ယမ်းတွေကိုတော့ ခွင့်ပြုပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ သွားလာရေးတွေမှာ ဆီပြတ်လပ်နေပြီး အခက်အခဲတွေ့နေတယ်လို့ ဆီကားမောင်းနှင်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တာတွေ ရပ်တန့်ထားဖို့ အကြိမ်ကြိမ်စာထုတ် တားမြစ်ထားပေမဲ့ လက်ရှိ မြေပြင်မှာတော့ နေ့ရောညပါ တရားမဝင် ခိုးတူးဖော်နေကြတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဖားကန့်မြို့မှာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၀ နီးပါးရှိပေမဲ့ ဆီပြတ်လပ်မှုကြောင့် အားလုံးနီးပါး ပိတ်ထားကြပြီး ဆိုင်တချို့ကတော့ 92 ဓာတ်ဆီတမျိုးတည်းကိုပဲ တဂါလန် ၂၂,၀၀၀ နဲ့ ရောင်းချနေရပါတယ်။
ကျောက်စိမ်းလုပ်ကွက်တွေမှာတော့ တရက်ကို လောင်စာဆီဂါလန်ပေါင်း သိန်းချီ အသုံးပြုနေပြီး တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်နေပါတယ်။
ဖားကန့်ဒေသခံတစ်ဦး "တစ်လလောက်ရှိပြီ ဖြတ်တောက်မှုက။ ကုန်ဈေးနှုန်းမြင့်သထက်မြင့်အောင် လုပ်နေသလိုပဲ။ သူတို့ကလမ်းမှာ ကားတွေ၊ ကုန်ကားတွေ ဆီကားတွေကို ပိတ်ဆို့ပြီးတော့မှ တားဆီးပြီးတော့မှလုပ်နေတဲ့အတွက် အကန့်အသတ်နဲ့ ဘယ်နှစီး ဘယ်နှစီး တစ်ရက်ကို နည်းနည်း နည်းနည်း လွှတ်ပေးနေတဲ့အခါကြတော့ ကျနော်တို့ဆီ ကုန်တွေကမဝင်တော့ စားနပ်ရိက္ခာပြတ်တောက်မှုတွေကဖြစ်နေတာပေါ့။ စစ်အာဏာရှင်က ညစ်ပတ်တဲ့ စစ်တပ်ဆိုတဲ့အတိုင်းပဲ သူတို့ကညစ်ပတ်လွန်းလို့ ဒီလိုလုပ်နေတာပေါ့။ ဒါတွေက သွေးအေးအေးနဲ့ နှိပ်စက်တဲ့သဘောပါပဲ။ အခက်အခဲတွေတော်တော်ကြီးတွေ့နေတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ဒီကလည်း ကုမ္ပဏီတွေက အကန့်အသတ်နဲ့ဆိုတော့ မလုပ်ရဲကြဘူးလေ။ အောက်ခြေလူတန်းစားတွေက ကုမ္ပဏီတွေကို အားပြုပြီးတော့မှ အလုပ်လုပ်နေကြတာလေ။ ကုမ္ပဏီတွေမလုပ်တဲ့အခါကြတော့ သူတို့အတွက်က ဝမ်းရေး တော်တော်အခက်အခဲဖြစ်ကြတာပေါ့။"
စစ်ကောင်စီက အမျိုးမျိုးကန့်သတ်နေတာကြောင့် ဖားကန့်မြို့နယ်မှာ အခြေစိုက်တဲ့ တရားဝင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကတော့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီသယ်ယူပို့ ဆောင်တာတွေကို ရပ်နားထားကြပါတယ်။
ဒီအခြေအနေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အားကိုးနေရ တဲ့ဒေသခံတွေဟာ အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ ဒါပြင် ဖားကန့်မြို့နယ်မှာ အများပြည်သူ အသုံးပြုတဲ့ အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာလည်း နှစ်နဲ့ချီ ရှိနေပြီဖြစ်ပါတယ်။
NB Hparkant Petro