DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် မောင်တောက ကျေးရွာ ၁၂ ရွာ ပိတ်မိနေပြီး အရေးပေါ် အကူအညီလိုအပ်နေ
DVB
·
September 6, 2022
တိုက်ပွဲကြောင့် မောင်တောက ကျေးရွာ ၁၂ ရွာ ပိတ်မိနေပြီး အရေးပေါ် အကူအညီလိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ကျေးရွာ ၁၂ ရွာလောက်က ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ ပြတ်တောက်နေပြီး အရေးပေါ်အကူညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမောင်းဆိပ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲစဖြစ်တဲ့ သြဂုတ် ၂၆ ရက်ကစလို့ ဘယ်မှ သွားလာလို့မရတာကြောင့် လက်ရှိအခြေနေမှာ စားနပ်ရိက္ခာပြတ်တောက်နေပြီလို့ အောင်သပြေကျောင်းထိုင် ဆရာတော်ဦးသုဒဿန က ဒီဗွီဘီကို မိန့်ပါတယ်။

ကျေးရွာပေါင်း ၁၂ ရွာလောက်က ပြည်သူတွေပိတ်မိနေပြီး အဝေးသင်တက္ကသိုလ် စာမေးပွဲ ဖြေမယ့် ကျောင်းသားတွေ၊ လစာထုတ်မယ့်ဝန်ထမ်းတွေလည်း မသွားရသလို ရွာသားတွေ သွားဖို့ကြိုးစားပေမယ့် စစ်ကောင်စီရဲ့ ခမောင်းဆိပ်ဗျူဟာကုန်းက ပိတ်ဆို့တားမြစ်ထားတာပါ။

“အခု ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်။ ဖုန်းဆက်မယ်ဆိုရင် တောင်ပေါ်ကို နာရီဝက်လောက်တက်ပြီးမှ လိုင်းမိတဲ့နေရာကို ရှာဖွေပြီး ဆက်သွယ်ရကာ အင်တာနက်လိုင်းကတော့ လုံးဝအသုံးပြုမရဘူး” လို့ အောင်သပြေကျောင်းတိုက် ဆရာတော်က ဆိုပါတယ်။

ရွာသားတွေကတော့ အပြင်မသွားရဲဘဲ လေယာဥ်လာမှာကို ကြောက်နေကြတာကြောင့် ဘုန်းကြီးကျောင်းမှာ စုပြီးနေထိုင်ကြရကာ လေယာဥ်တွေပြန်သွားပြီး ဗုံးသံတွေ မကြားရတော့မှ ကိုယ့်အိမ်ကို ပြန်နေကြကြောင်း၊ စျေးဆိုင် ၄ ဆိုင် ၅ ဆိုင်လောက် ရှိပေမယ့် အဲဒီဆိုင်တွေမှာ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဘာမှမရှိတော့ဘူးလို့ ဆိုပါတယ်။

အောင်သပြေရွာမှာ အိမ်ခြေ ၁၄၉ လုံးရှိပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်တောက်နေတာကြောင့် ဒေသခံပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်နေကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။

မောင်တောမြို့ရှိ ကျေးရွာတွေဟာ မြို့မှာစျေးဝယ်ကာ စားသောက်နေကြရတာဖြစ်ပြီး အခုလို လမ်းတွေ ပိတ်ဆို့လိုက်တာကြောင့် ရွာသူရွာသားတွေအားလုံး စားဝတ်နေရေး အခက်ခဲ ကြုံနေကြရတယ်လို့ အောင်သပြေကျေးရွာ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ကျမတို့ရွာမှာက တော်တော်အခက်ခဲ ဖြစ်နေတယ်။ ခမောင်းဆိပ်ဗျူဟာကို ကျော်လို့မရဘူး။ အဲဒီနားကို သွားတာနဲ့ အားလုံး ကိုယ့်ရွာကို လှည့်ပြန်ကြဖို့ ပြောဆိုပြီး ဖြတ်သန်းခွင့်မပေးဘူး။ အဝေးသင်တက္ကသိုလ်တက်မယ့် ကျောင်းသား ၅ ယောက်ကိုလည်း ဖြတ်သန်းခွင့်မပေးဘူး။ လောလောဆယ် ကိုယ့်အိမ်မှာကိုယ် နေကြပေမယ့် လေယာဥ်သံ၊ သေနတ်သံတွေ ကြားရင်တော့ ဘုန်းကြီးကျောင်းကို ထွက်ပြေးကြရတယ်။ လေယာဥ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတာ ၉ ရက်လောက်ရှိနေပြီးတော့ စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့ ၂ ရက်ကတော့ ပစ်ခတ်သံမကြားရဘူး။ လေယာဥ်တွေ နဲ့ ဗုံးကြဲတာတွေကို ကျမတို့ ရွာကနေ အတိုင်းသားမြင်နေရပြီး ကျမတို့ ရွာပေါ်ကိုလည်း တရက်ရောက်ခဲ့သေးတယ်။ ခမောင်းဆိပ်နဲ့ အနီးပတ်ဝန်းကျင်တွေအားလုံးကို လေယာဥ်နဲ့ ဗုံးကြဲနေတာ။” 

ပိတ်မိနေတဲ့ ကျေးရွာတွေကတော့ ၁၁ ရွာလောက်ရှိနေပြီး ကြောင်နဖေရွာ၊ ဘောင်းရွာ၊ သုပဏ္ဏက၊ အောင်သပြေ၊ အောင်ချမ်းသာ၊ ဗန္ဓုလ၊ တပ်ချောင်း၊ ရွှေဒိုင်၊ ဒုံးညို၊ ကျောက်လုံးနဲ့ ဆန်းဆော်ရီ (ကယ်ဆယ်ရေး) ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆၆ ယောက်သေဆုံခဲ့တယ်လို့ AA က သြဂုတ် ၃၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013