Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ စစ်ခေါင်းဆောင်နှင့် ထပ်တွေ့ရန် နေပြည်တော်ရောက်
DVB
·
August 22, 2022
299168723_595222965556314_4942537557704226920_n
298560786_1057438461625886_2478262398486386500_n

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒုတိယအကြိမ် တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၃ ဖွဲ့က ခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်ရှိနေတယ်လို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်တဲ့ အဖွဲ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လည်းကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့က ရှမ်းပြည်နယ် တာချီလိတ်မြို့မှ လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်တဲ့အဖွဲ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှ လည်းကောင်း ဩဂုတ် ၂၁ ရက်မွန်းလွဲပိုင်းက  နေပြည်တော်သို့ ရောက်ရှိလာတာလို့ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနွေးဖို့  ဧပြီလ ၂၂ ရက်က ဖိတ်ခေါ်ခဲ့တာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ မဖြစ်တာ ၁၀ စုနှစ်နဲ့ချီ ကြာနေပြီဖြစ်တဲ့  တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က နေပြည်တော်ကို မေလမှ ဩဂုတ်လအတွင်း ပထမအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ပထမအကြိမ်တွေ့စုံစဉ် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အခုဒုတိယအကြိမ် လာရောက်ဆွေးနွေးရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေကြောင်း  အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တခါဆွေးနွေးမှာဖြစ်ပြီး စက်တင်ဘာလကျလို့ရှိရင် တခါအားလုံးပြန်တွေ့တဲ့အခါ လက်မှတ်ထိုးနိုင်ဖို့ကြိုးစားမယ်လို့ ပြောထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024