DVB Logo
Home
မြန်မာသတင်း
ညစ်ညမ်းစာပေထုတ်ဝေမှုဖြင့် ရွှေလာဘ်စာပေတိုက်ကို စစ်ကောင်စီက ထုတ်ဝေခွင့်ရုပ်သိမ်း
DVB
·
April 7, 2022
ညစ်ညမ်းစာပေထုတ်ဝေမှုဖြင့် ရွှေလာဘ်စာပေတိုက်ကို စစ်ကောင်စီက ထုတ်ဝေခွင့်ရုပ်သိမ်း
Donate to DVB

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ ညစ်ညမ်းစာတွေကို ထုတ်ဝေခဲ့တဲ့အတွက် ‘My Possessive Step-Bro’ စာအုပ်ထုတ်ဝေသူ ရွှေလာဘ်စာပေတိုက်ပိုင်ရှင် ဒေါ်လှိုင်လှိုင်သင်းကို ထုတ်ဝေခွင့်ရုပ်သိမ်းကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သူ့ကိုထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်ကို ဧပြီ ၅ ရက်ကစပြီး ရုပ်သိမ်းလိုက်ပြီဖြစ်ကာ အဲဒီစာပေတိုက်အနေနဲ့ မီဒီယာအမျိုးအစားတခုခုကို အသုံးပြုပြီးဖြစ်စေ၊ နည်းပညာတရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်ဝေ ဆောင်ရွက်ခြင်းမပြုဖို့ အသိပေးကြေညာလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားချင်း အဓမ္မပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားတဲ့အကြောင်း ရေးသားထားတယ်ဆိုတဲ့ ‘My Possessive Step-Bro’  စာအုပ်နဲ့ပတ်သက်ပြီး  အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီ အာဘော်သတင်းစာကနေ  စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်ပြီး နောက်တနေ့မှာပဲ ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ပုံနှိပ်သူတွေ၊ ထုတ်ဝေသူတွေဟာ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေး အရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမယ့် အကြောင်း အရာတွေကို ဖော်ပြတာ၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို သော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကို သော်လည်းကောင်း ထိခိုက်စေမယ့် အကြောင်းအရာတွေကို ဖော်ပြတာ၊ ညစ်ညမ်းစာတွေကို ဖော်ပြတာ၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်တာတွေကို အားပေးလှုံ့ဆော်တာတွေကို တားမြစ်ထားပြီး လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခံရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဆိုပါ ဒီစာအုပ်ကို ရေးသားသူကိုတော့ နှောင်းအရိပ်(Hnaung AYeik)လို့ ဖော်ပြထားပြီး ရွှေလာဘ် - Book House ကနေ စတင်ဖြန့်ချိတဲ့နေ့မှာပဲ ဆယ်ကျော်သက် လူငယ်လူရွယ်တွေ အလုအယက်တိုးဝှေ့ဝယ်ယူကြသူတွေရဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ  ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေခဲ့တာပါ။

ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်အနေနဲ့ ပြောင်းလဲလာတဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အသိအမှတ်ပြုကြရာမှာ LGBT ဆိုတဲ့ Lesbian, Gay, Bisexual, Transgender တို့ကို လူတဦးချင်းစီရဲ့ ကျားမလိင်ရွေးချယ်မှု အခွင့်အရေးအဖြစ် လက်ခံလာကြပြီဖြစ်တဲ့တိုင်အောင် လိင်တူလိင်ကွဲ အဓမ္မပြုကျင့်မှုတွေဟာ ရာဇဝတ်မှုဖြစ်ပြီး ရိုင်းစိုင်းကြမ်းကြုတ်တဲ့၊ စံလွဲတဲ့အပြုအမူတွေသာဖြစ်ပြီး စာပေအနုပညာ ဖန်တီးမှု မျက်နှာဖုံးတပ်ကာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့၊ ညစ်ညမ်းမှုနဲ့ အကြမ်းဖက်မှုတို့ကို အားပေးလှုံ့ဆော်တဲ့ အရေးအသားတွေကို ရေးသားတာ၊ ပုံနှိပ်ထုတ်ဝေတာတွေဟာ  ဥပဒေကို  ချိုးဖောက်ရာကျပြီး ထိရောက်စွာ အရေးယူခံရမယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာအာဘော်မှာ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စာအုပ်တိုက်ပိုင်ရှင်အပါအဝင် စာရေးသူ နှောင်းအရိပ်(Hnaung AYeik)တို့ကို ဖမ်းဆီးထားသလား၊ ဒါမှမဟုတ် ဆက်လက်အရေးယူသွားမလား၊ စာအုပ်လက်ဝယ်ရှိသူတွေကို အရေးယူဆောင်ရွက်မှုတွေနဲ့ ပတ် သက်ပြီးတော့ တစုံတရာ ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013