DVB Logo
Home
မြန်မာသတင်း
တယ်လီနောမြန်မာကို လက်ဘနွန် M1 Group သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု
DVB
·
March 18, 2022
တယ်လီနောမြန်မာကို လက်ဘနွန် M1 Group သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု
Donate to DVB

နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုပိုင် တယ်လီနောမြန်မာကို လက်ဘနွန် M1 Group ရဲ့ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ Investcom PTE Ltd. ဆီ ရောင်းချမှုကို စစ်ကောင်စီက အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

ခုလိုအတည်ပြုကြောင်းကို အာဏာသိမ်း စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က M1 Group ဆီ အသိပေးအကြောင်းကြားခဲ့တာဖြစ်ပြီး သုံးစွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ စီးပွားရေးမိတ်ဖက်တွေအားလုံး ယုံကြည်စိတ်ချရမှုရှိရေးတို့အတွက် Telenor Group အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ နီးကပ်စွာ လုပ်ဆောင်သွားမှာဖြစ်ကာ လုပ်ငန်းလွှဲပြောင်းရယူမှု အမြန်ဆုံးအပြီးသတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

M1 Group ရဲ့ အမှုဆောင်အရာရှိချုပ် Azmi T. Mikati ကတော့ “အခုလို တရားဝင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်မိပါတယ်။ M1 Group အနေနဲ့ အခက်အခဲများစွာရှိတဲ့ အခုလိုကာလမှာတောင် တယ်လီကွန်းအခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ Investcom PTE ကို ထောက်ပံ့ပေးသွားဖို့အတွက် ကတိပြုပါတယ်။ Investcom အနေနဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေအပေါ်မှာ မှီတည်နေရတဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

M1 Group အနေနဲ့ Telenor Group ရဲ့ မြန်မာလုပ်ငန်းခွဲကို ဝယ်ယူဖို့အတွက် ကနဦးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့ပြီး လတ်တလောမှာတော့ မြန်မာဈေးကွက်အတွက် M1 Group ဟာ ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူမယ့် လုပ်ငန်းသစ်တခုဖြစ်တဲ့ Investcom ကတဆင့် ပြည်တွင်းက စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

တယ်လီနောအုပ်စုရဲ့ ဆက်ဆံရေးဌာနအကြီးအကဲ Gry Rohde Nordhus ကတော့ တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အော်ပရေတာအားလုံးမှာ တပ်ဆင်ဖို့လိုအပ်တဲ့ ကြားဖြတ်ကိရိယာတွေ မတပ်ဆင်လိုတာကြောင့် ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုကြားကိရိယာတွေကို တပ်ဆင်တာဟာ နော်ဝေနိုင်ငံနဲ့ အီးယူတို့ရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်နေတာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်တဲ့ စစ်တပ်ရဲ့အမိန့်ကို အတင်းအကျပ် လိုက်နာတာမျိုး မဖြစ်စေဖို့ဖြစ်တယ်လို့  ပြောပါတယ်။

လက်ရှိမှာတော့ တယ်လီနောမြန်မာအနေနဲ့ အဆိုပါကြားဖြတ်စက်ကိရိယာတွေကို မတပ်ဆင်ရသေးသလို မိမိဆန္ဒအလျောက်လည်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကတည်းက တယ်လီနောမြန်မာကုမ္ပဏီရဲ့ တန်ဖိုးကို ဇီးရိုးထိ ထားရှိခဲ့ပြီး အမြတ်ငွေ ထည့်သွင်းတွက်ချက်တာမျိုး မလုပ်တော့ဘဲ မသေချာ မရေရာတဲ့ အခြေအနေတွေကြောင့် ပဋိပက္ခတွေ၊ စီးပွားရေး အကျပ်အတည်းတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံကနေ ဘာမှ ပြန်လည်ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တယ်လီနောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သူ့ရဲ့ ငွေကြေးနည်းပညာကုမ္ပဏီ Wave Money ကို သူ့ရဲ့အဓိက လုပ်ငန်းပါတနာ Yoma Strategic Holdings ကို ရောင်းချကြောင်း ကြေညာခဲ့ပါတယ်။ 

တယ်လီနောအုပ်စုဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းသို့ ကျရောက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ Justice For Myanmar အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013