DVB Logo
Home
မြန်မာသတင်း
ရှမ်းကယားနယ်စပ် အနောက်ကယန်းဒေသက စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
DVB
·
February 12, 2022
ရှမ်းကယားနယ်စပ် အနောက်ကယန်းဒေသက စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအနောက်ဘက်ခြမ်းက အနောက်ကယန်းလို့ အများခေါ်တဲ့ ဒေသမှာ အခုရက်ပိုင်းအတွင်း အပူချိန် သုညဒီကရီအောက် ရောက်ရှိနေတာကြောင့် စစ်ဘေးရှောင်အတွက် ဆောင် အနွေးထည်တွေ လိုအပ်နေပါတယ်။

ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို စရှိတဲ့ဒေက စစ်ဘေးရှောင် ၉၀၀၀ နီးပါး အနောက်ကယန်းဒေသမှာ သွားရောက်ခိုလုံနေကြတာဖြစ်ပြီး အအေးဒဏ်ကြောင့် စောင်၊ အနွေးထည်မလုံမလောက် ဖြစ်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကယန်းဒေသ လူမှုကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင် ခွန်းရာဇာမောင်က ပြောပါတယ်။

“အေးတာကတော့ ဒီ ၁၂ လပိုင်းကုန်လောက်ကတည်းက စအေးတာ။ သို့ပေမယ့် ဒီလောက်ထိ မအေးဘူးပေါ့နော်။ အခုကျတော့ ပြီးခဲ့တဲ့ ရှေ့တပတ်က မိုးရွာသေးတယ်။ မိုးရွာပြီးနောက်ပိုင်းက အရမ်းအေးတယ်ပေါ့နော်။ နှင်းတွေ၊ နှင်းခါးတွေ သက်သက်ကျနေတာက သုည ဒီဂရီအောက်ကို ကျနေတာက လေးရက်ငါးရက်လောက်ရှိသွားပြီ။ ဒီမနက်လည်း တော်တော်ဆိုးတယ်။ မနက်ဖြန်မနက်လည်း တော်တော်ဆိုးမယ့်ပုံရှိတယ်။ အခုလည်း အရမ်းအေးနေတယ်လေ။ ကျနော်တို့ဒီမှာက camp ရယ်လို့ မထားဘဲ အိမ်တွေဘာတွေမှာနေကြတာများတယ်။ တချို့ဆိုရင် စောင်တွေ အနွေးထည်တွေ မလုံလောက်ဘူး။ တချို့နေရာမှာ စစ်ဘေးရှောင်တွေ အရမ်းများတဲ့အခါကျတော့ ထင်းလိုက်ရှာခုတ်တာ ထင်းအများကြီးမရှိဘူး။ ထင်းရှားတာပေါ့နော်။ ပြီးတော့ ဒီမှာက မျိုးနွယ်စုအလိုက်၊ မိသားစုအလိုက် ကိုယ့်ပိုင်နက်နဲ့ကိုယ်ဆို‌တော့ အရမ်းကြီး ထင်းလိုက်လျှောက် ခုတ်လို့မရဘူး။ အဲလိုမျိုးဖြစ်နေတယ်။ ”

စောင်နဲ့အနွေးထည်မလုံလောက်မှုကြောင့် ပြီးခဲ့တလလောက်ကလည်း လွိုင်ကော်မြို့ မိုင်းလုံးဘက်ကနေ စစ်ရှောင်လာတဲ့ အမျိုးသားတစ်ဦး လေဖြတ်ပြီး အသက်ဆုံးပါးရတာရှိတယ်လို့ သူက ပြောပါတယ်။

“မိုင်းလုံးဘက်ကနေ ပြေးလာတဲ့ အသက် ၆၀ ဝန်းကျင်ပေါ့နော်။ ဒီဘက်အရမ်းအေးတဲ့အခါကျတော့ ဒီလွိုင်ကော် အနေအထား နဲ့ ဒီဘက်အနေအထား မတူတဲ့အခါကျတော့ အနွေးထည်တွေ စောင်တွေ ထူထူလည်း မဝတ်ဘူးထင်တယ်။ မနက်ထတဲ့အခါ လေဖြတ်ပြီးတော့ ဆုံးသွားတယ်။ ”

အဆိုပါဒေသမှာ စစ်ဘေးရှောင် ၉၀၀၀ လောက်ရှိပေမယ့် တသီးပုဂ္ဂလ အလှူရှင်တဦးစ နှစ်ဦးစကလွဲရင် ဘယ်အဖွဲ့အစည်းအစည်းကမှ လာရောက်ကူညီတာမရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီအနောက်ကယန်းဒေသမှာ ဘာလူမှုအသင်းအဖွဲ့မှလည်းမရှိဘူး။ ဘယ် CSO မှလည်း မရှိဘူး။ ဆိုတော့ အဓိက လိုအပ်တာ ကုန်ခြောက်တွေရယ်၊ ဆေးဝါးတွေရယ်၊ နောက် ခုန အနွေးထည်တွေပေါ့။ ပြီးတော့ သူတို့ကို အားပေး ဖေးမနိုင်မယ့်အုပ်စု ရှိရင်လည်း အဆင်ပြေတယ်ပေါ့နော်။ ဒီအချိန် အရမ်းများလာတဲ့အခါကျတော့ ကျနော်တို့ ဆန်တမျိုးပဲ ကူနိုင်တော့တယ်။ ဆန်လည်း လုံလောက်တဲ့ အနေအထားမျိုးမဟုတ်ဘူးပေါ့လေ။ တချို့က အိမ်ရှင်မှာ သွားနေတဲ့သူဆိုရင် အိမ်ရှင်က ကျွေးတာ တဖက်၊ သူတို့ဟာ သူတို့သယ်လာတဲ့ဟာနဲ့ ကျနော်တို့ကူနိုင်တဲ့ဟာပဲကူတယ်။ ဆန်တမျိုးပဲပေါ့။ ကျန်တဲ့ ဆီ၊ ဆားတွေကျတော့ သူတို့ဟာသူတို့ ဖန်တီးယူရတဲ့အနေအထားမျိုးဖြစ်တယ်။”

အဆိုပါဒေသမှာ ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေဟာ ပြီးခဲ့တဲ့နှစ်မေလက ဒီးမော့ဆို၊ ဖယ်ခုံမြို့နယ်တွေမှာ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာကြသူတွေရှိသလို၊ ၂၀၂၁ ခု အောက်တိုဘာလကုန်ပိုင်းလောက်က ရှမ်းကယားနယ်စပ်  ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှာင်ရသူတွေနဲ့ ဒီအခု ၂၀၂၂ ခုနှစ်ဆန်းပိုင်း လွိုင်ကော်မြို့ပေါ်တိုက်ပွဲကြောင့် ထွက်ပြေးလာကြသူ အုပ်စုဆိုပြီး ၃ အုပ်စု ရှိနေတာဖြစ်ပါတယ်။

အခုချိန်ထိ စစ်ရှောင်တွေဟာ အိမ်မပြန်ရသေးဘဲ နေ့စဉ်စားဝတ်နေရေး၊ ကျန်းမာရေးအပြင် သောက်သုံးရေ အခက်အခဲတွေပါ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013