DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ပေါ် တိုက်ပွဲပြင်းထန်နေ၊ KNPP ဌာနချုပ်အနီး လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
January 7, 2022
လွိုင်ကော်မြို့ပေါ် တိုက်ပွဲပြင်းထန်နေ၊ KNPP ဌာနချုပ်အနီး လေယာဉ်ဖြင့် ဗုံးကြဲ
Donate to DVB

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ မနက် ၇ နာရီလောက်စပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မိုင်းလုံးရပ်ကွက်နေသူတဦးက “ကျနော့်အိမ်အောက်ဘက် အိမ်မှာ လက်နက်ကြီးကျည်ကျလို့ တယောက်ထိသွားတယ်။ ပြီးတော့ ဟိုဘက် ပအို့ဝ့်အမျာ်စုနေတဲ့ဘက်မှာ လက်နက်ကြီး အိမ်မှာကျလို့ မိသားစုဝင် ၅ ယောက်ဒဏ်ရာပြီး တယောက်ဆုံးသွားတယ်လို့ ပြောတယ်။ ကျနော်တို့ အပြင်မထွက်ရဲဘူး အိမ်မှာပဲ နေနေကြတယ်။ အိမ်မှာ ဗုံးခိုကျင်းတူးပြီးနေနေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အထပ်မြင့်အဆောက်အဦတွေအပေါ်ကနေလည်း စနိုက်ပါနဲ့ စောင့်ကြည့်ပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

အလားတူ မိုင်းလုံး သံလမ်းဘက်မှာလည်း အလောင်း ၃ လောင်း တွေ့ရကြောင်းနဲ့ အဲဒီအလောင်းတွေက ပြည်သူတွေအလောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ထုတ်နေတဲ့ ပရဟိတ လပ်ဆောင်သူ မရိုစလင်းအိအိက  သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။

“မနက်ကနေ အခုထိ မပြီးသေးပါဘူး။ ထပ်ခေါ်ယူဖို့ အများကြီးကျန်ပါသေးတယ်။ သေလောက်ပြီ ထင်ရတဲ့ မနက်ခင်း လက်နက်ကြီးကျတာ ကံကောင်းလို့ လွတ်ခဲ့ပေမယ့် ထိသွားတဲ့ သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကြောက်လည်းကြောက်၊ တုန်လဲတုန်နေတာမို့၊ အမှားနည်းအောင် မနည်းထိန်းလုပ်နေရပါတယ်။ အရေးပေါ်စစ်ရှောင်တွေအတွက် စောင်အိပ်ရာခင်း ခြင်ထောင်လိုပါတယ်နော။”

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရပ်ကွက်ထဲက ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူနာတွေကို ပို့ဆောင်ပေးနေသူတဦးက ပြောပါတယ်။

“ဒီမနက် လက်နက်ကြီးကျည်ကျလို့ ကျနော်တို့လူနာတွေ ပို့ပေးနေတာ ၇ ယောက်ရှိပြီ။ အခု တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေကိုလည်း ကျနော်တို့ပူးပေါင်းတပ်တွေက ကယ်ထုတ်နေရတယ်။”

အလားတူ ဒီကနေ့မနက်ပိုင်း သံလွင်အရှေ့ဘက်ခြမ်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဌာနချုပ်နဲ့ သိပ်မနီးမဝေးမှာ  တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုရှိခဲ့တယ်လို့ ကေအန်ပီပီ အထေထွေအတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒီမနက်ကတည်းကတော့ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်တော့ သူတို့ဘက်တော့ လေယာဉ်နဲ့လာပြီးမှ တလုံးနှစ်လုံး လာပစ်သွားတာတော့ရှိတယ်။ လက်နက်ကြီးတွေလည်း ထုနေတာပေါ့နော်။ ဒါလေးတွေတော့ ရှိတယ်။ အခုအခြေအနေက မပြီးသေးဘူးဆိုတော့လေ။”

Karenni Army Center Kn.A.C ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်းအနီး စစ်ကောင်စီ ခြေကုပ်တပ်စခန်းဖြစ်တဲ့ နတ်တောင်စခန်းကို ကရင်နီတပ်မတော်က ဒီကနေ့ မနက်သွားရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအပျောက်များခဲ့တယ်လို့ ဖော်ပြပါတယ်။ 

“ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး။ စခန်းသိမ်းပွဲအပြီး နာရီဝက်အလွန်မှာ ရဟတ်ယာဥ်ဖြင့် စစ်ကူလာရောက်ပစ်ခတ်ဗုံးကြဲခဲ့သည့်အပြင်...ဆက်လက်ပြီး ကရင်နီတပ်မတော် ဌာနချုပ် ညာမူတပ်စခန်းကို ထိုရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကြဲခဲ့သော်လည်း ၎င်းတို့၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်းဗုံးကြဲခဲ့ပါသည်” လို့ ဖော်ပြထားပါတယ်။ 

လူဦးရေက သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေ ၁ သိန်းခွဲကျော်က စစ်ဘေးရှောင်နေကြရသလို လက်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့ကပါ  စစ်ရှောင်နေရတဲ့အတွက် ကယားပြည်နယ်မှာ ဘေးကင်းလုံခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားနဲ့ ရင်ဆိုင်နေပါတယ်။

ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လုံခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားမှာ နိုင်ငံတကာအနေနဲ့ Save Zone တခု သတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့လည်း ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“အခုက ပြောမယ်ဆိုရင် လွိုင်ကော်၊ ဒီးမော့ဆို၊ ၅ မိုင်၊ ၆ မိုင်၊ ပန်ကန်း၊ ၃ မိုင် အကုန်လုံးပေါ့နော်။ အဲဒါအပြင်ကို ဖရူဆို၊ ရှားတော့ အကုန်လုံးဖြစ်နေပြီးတာမကဘူး၊ ကျနော်တို့ ဒီနယ်စပ်ဘက်တောင်မှဖြစ်တယ်ဆိုတော့ တပြည်နယ်လုံး အတိုင်းအတာဖြစ်တယ်လို့ ပြောရမှာပေါ့နော်။ အဲတော့ ကျနော်တို့က အဲဒါကို နိုင်ငံတကာနဲ့ ယူအန်ကနေပြီးမှ ဖိအားပေးဖို့ လိုတယ်။ အဲဒါကတော့ save zone တခုပေါ့။ အခုက လူထုက စိတ်ချရတဲ့ နေရာက မရှိတော့ဘူး။ နယ်စပ်ပဲဖြစ်ဖြစ်၊ ဟိုးအထဲထဲမှာပဲဖြစ်ဖြစ်ပေါ့နော်။ အဲတော့ လူထုအတွက် save zone တခုပေါ်ပေါက်ရေးကို နိုင်ငံတကာက ဖိအားပေးဖို့တော့လိုတယ်။ save zone ဆိုတာက လူထုတွေ အကာအကွယ်ပေးထားတဲ့နေရာပေါ့။ အဲလိုမျိုးတခုတော့ ကျနော်တို့ အမြန်ဆုံးဖန်တီးပေးဖို့ လိုအပ်နေပြီလို့ အဲဒါတော့ ကျနော် ပြောချင်တာပေါ့။”

၂၀၂၂ ခု ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အထိ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့ဇန်နဝါရီ ၆ ရက်နေ့ လွိုင်ကော်မြို့ပေါ်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်နေပြည်သူ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ 

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြု လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013