
DVB ၊ VOA ၊ BBC ၊ RFA စတဲ့ သတင်းမီဒီယာတွေကို နားမယောင်ဘဲ ဆန့်ကျင်ကြဖို့ နိုဝင်ဘာ ၃ ရက် ဒီနေ့မနက် ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ စည်းရုံးလှုံ့ဆော် ပြောသွားပါတယ်။
စစ်တပ်ထောက်ခံအမျိုးသမီးတဦးက “ဒေါ်လာစားပြီး ပြည်ဖျက်နေတဲ့ မီဒီယာတွေ မရှိဘူးလား။ ဒေါ်လာစားပြီး ပြည်ဖျက်တယ်၊ သတင်းမှန်ကို သတင်းမှား ဖြစ်အောင်လုပ်တယ်။ ကျမတို့ ပြည်တွင်းရေးကို နိုင်ငံတကာ အရေးဖြစ်အောင်၊ ဒေါ်လာစားပြီး ပြည်ဖျက်နေတဲ့ မီဒီယာတွေကိုရော ဆန့်ကျင်ဖို့ မလိုဘူးလား။ VOA ၊ BBC ရန်တိုက်ပေးနေသည်။ RFA ၊ DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းထဲက လူသတ်သမား နားမယောင်လေနဲ့ သတိထား”လို့ စင်မြင့်ပေါ်ကနေ မိန့်ခွန်းပြောရာမှာထည့်သွင်းပြောဆိုသွားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲမှုတွေကို NLD က လုပ်ဆောင်နေတာ ဖြစ်တယ်တယ်လို့လည်း စစ်တပ်ထောက်ခံသူက စွပ်စွဲပြောကြားလိုက်ပါတယ်။
“PDFဟာ NUG က ပေါက်ဖွားတာ NUG ဆိုတာ CRPH ပေါက်ဖွားလာတယ်။ CRPH ဆိုတာ NLD ပါတီဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်နေတာ NLD ပါတီဖြစ်တယ်။ ဒီလို အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲနေတဲ့ပါတီကို ဖျက်သိမ်းပေးဖို့လိုတယ်” လို့ ကျုံပျော်မြို့ စစ်တပ်ထောက်ခံပွဲမှာ လှုံ့ဆော်ပြောဆိုခဲ့ပါတယ်။
ပြည်ပနိုင်ငံတွေက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားလို့ မဟုတ်ဘဲ စစ်တပ်ကို အင်အားနည်းစေချင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလကုန်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေး စတင်ခါနီးအချိန်ကစလို့ မြန်မာပြည်တွင်းက မြို့ကြီးတချို့မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွေကို စစ်ကောင်စီက စီစဉ်ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းက မြို့နယ်တွေမှာ လူ ၅ ဦးထက် ပိုမစုဖို့ အမိန့်ထုတ်ထားသလို၊ စစ်ကောင်စီ ကျန်းမာရေးဌာနက လူ ၁၀၀ ထက်ပိုစုဝေးပါက အရေးယူမယ်လို့ အမိန့်ထုတ်ထားပေမဲ့ အကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွေကိုတော့ လူအင်အားအများအပြားနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။