DVB Logo
Home
မြန်မာသတင်း
အကြောင်းမဲ့ပစ်သတ်ခံရသည့် ရွာကင်းစောင့်လူငယ် ၄ ဦးအပါအဝင် ကျဆုံးပြည်သူ ၉၁၉ ဦးရှိလာ
DVB
·
July 20, 2021
အကြောင်းမဲ့ပစ်သတ်ခံရသည့် ရွာကင်းစောင့်လူငယ် ၄ ဦးအပါအဝင် ကျဆုံးပြည်သူ ၉၁၉ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လခွဲကျော်အကြာ အာဏာသိမ်း စစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၁၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၈၂၈ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၂၉၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက တပ်မ ၇၇ က ဖမ်းဆီးစစ်ဆေးမေးမြန်းခံနေရတဲ့ ပဲခူး တိုင်းဒေသကြီး၊ ပဲခူးမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနိုင်လင်းစိုး(ခ) ကို ရဲကြီးဟာ စစ်ကြောရေးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ဇူလိုင် ၁၇ ရက်မှာ ဆေးရုံတင်ထားရပြီး နောက်တရက်မှာပဲ ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်တွေဆီ အကြောင်းကြားလာခဲ့တယ်လို့ သိရှိရပါတယ်။ ဇွန် ၁၄ ရက်နေ့မှာတော့ ကိုနိုင်လင်းစိုး(ခ) ကိုရဲကြီးရဲ့ ဇနီးဖြစ်သူကို ဓားစာခံအနေနဲ့ ဖမ်းဆီးခဲ့ပြီး သူနေထိုင်ရာနေရာကို အတင်းအ ကျပ်လိုက်ပြခိုင်းတာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေး ရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး ရွာကင်းစောင့်နေတဲ့ လူငယ်ရွာသား ၄ ယောက်ကို အကြောင်းမဲ့ ပစ်သတ်သွားခဲ့ပါတယ်။ 

ဒါ့အပြင် ဇူလိုင် ၁၈ ရက်ညမှာလည်း အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ထဲက တိုက်ခန်းတခုအတွင်း ဝင်ရောက်ပြီး တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်နဲ့ ကိုအောင်မင်းဦးတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။ 

တရက်တည်းမှာပဲ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ နေထိုင်တဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားအဖွဲ့ချုပ်မှ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးလင်းထင်စိုးကို ညအချိန်မှာ အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့ပြီး ငွေတချို့နဲ့ ကားကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013