ဝါးခယ်မလယ်သမားများအမှု ရုံးချိန်း တရားလိုလာရောက်ခြင်း မရှိ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ လယ်သမား ၃၂ ယောက်ကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပုဒ်မ ၁၈၈ နဲ့ တရားစွဲထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက် ဒုတိယအကြိမ်ရုံးချိန်းမှာ တရားလိုဘက်က လာရောက်ခြင်း မရှိလို့ ရုံးချိန်ပြန်ချိန်းဆိုထားပါတယ်။ တရားစွဲခံရသူ လယ်သမား ကိုမြတ်ခိုင်က "လယ်သမားတွေဘက်က အကုန်လုံးလာပေမဲ့ တရားစွဲတဲ့ တရားလိုဘက်က တာဝန်ရှိသူ တွေ မလာဘူး။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ပြန်ချိန်းဆိုပါတယ်''လို့ ပြောပါတယ်။ တရားရုံးက ခေါ်တဲ့အချိန်မှာ လယ်သမားတွေက အလုပ်တွေဖျက်ပြီးလာပေမဲ့ တာဝန်ရှိတွေဘက်က ရောက်မလာတဲ့အပေါ် အနိုင်ကျင့်သလို ခံစားရတယ်လို့ လယ်သမားတွေက ပြောပါတယ်။  ကျုံပဒုတ်ချောင်းဝကျေးရွာက အမှတ် ၄ စီမံကိန်းတူးမြောင်းကို ပိတ်ဆို့ပြီး ငါးဖမ်းနေတဲ့ လယ်သမားတွေက ရေရရှိရေးအတွက် အင်းလုပ်ငန်းဘက်ကအတားအဆီးတွေကို  ဒီဇင်ဘာ ၁၀ ရက်က ဖယ်ရှားခဲ့တာကြောင့် ထွေ/အုပ်က လယ်သမားတွေကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာပါ။ လယ်သမားတွေဘက်ကတော့ ပြစ်မှုကျူးလွန်ခဲ့တာမရှိကြောင်းနဲ့ ရေ ရရှိရေးအတွက်သာ ဆည်မြောင်းဌာနရဲ့ အမိန့်ထုတ်ပြန်ချက်အတိုင်း အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ တရားစွဲဆိုတာနဲ့ပတ်သက်ပြီး လယ်သမားတွေက ဝါးခယ်မမြို့ရဲစခန်း၊ ငါးလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးနဲ့ ဆည်မြောင်းရုံးရှေ့တွေမှာ ဒီဇင်ဘာ ၂၃ ရက်က  လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ မင်းထက်မုန်း(ပုသိမ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up