
ရန်ကုန်၊ သာကေတမြို့နယ်မှာ လျှပ်စစ် ၅ ယူနစ်ပေးတိုင်း ၁ ယူနစ် ပျောက်ဆုံးနေတယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌ က ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက် မနေ့က ဥက္ကဋ္ဌနဲ့ ရုံးချုပ်တာဝန်ရှိသူတွေဟာ ခရိုင် ၄ ခရိုင်နဲ့ သာကေတ၊ ဒဂုံ၊ အလုံ၊ အင်းစိန်၊ မရမ်းကုန်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး တာဝန်ရှိသူတွေနဲ့ သာကေတမြို့နယ်မှာ တွေ့ဆုံပြီး ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ တရားမဝင် ဓာတ်အားရယူသုံးစွဲတာ မရှိစေရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။
သာကေတမြို့နယ်က အများပြည်သူရပ်ကွက်တွေမှာ ဓာတ်အားပျောက်ဆုံးမှု ၂၀ ရာခိုင်နှုန်းလောက် ရှိနေတာကြောင့် ဌာနက ၅ ယူနစ်ပေးတိုင်း တယူနစ် ပျောက်ဆုံးနေတယ်လို့ YESC ဥက္ကဋ္ဌက ပြောပါတယ်။
ဒါကြောင့် ဓာတ်အားလေလွင့်ပျောက်ဆုံးတာ အနည်းဆုံးဖြစ်စေအောင် ရည်မှန်းချက်ထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ Advanced Metering Infrastructure (AMI) စနစ် ပြောင်းလဲတာနဲ့အတူ ဒီဂျစ်တယ်နည်းပညာသုံးပြီး လုပ်ငန်းစနစ်တွေ ပြောင်းလဲ တိုးတက်အောင် တပါတည်းဆောင်ရွက်ရေး၊ လုပ်ငန်းစီမံချက်ပါအတိုင်း သတ်မှတ်ကာလအတွင်း စနစ်တကျ ပြီးအောင် ဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားတယ်လို့လည်း YESC Call Center က ထုတ်ပြန်ထားပါတယ်။
အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာကလည်း ခရိုင်ထဲမှာ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေတွေ၊ သာကေတမြို့နယ်အတွင်းမှာ တိုင်ပေါ်က မီတာတွေကို တိုင်အောက်ကို ပြောင်းရွှေ့တပ်ဆင်တာ၊ Analog၊ OMR မီတာဟောင်းတွေကို AMI စနစ်ပြောင်းလဲဖို့အတွက် Smart Digital မီတာအသစ်တွေနဲ့ အစားထိုးလဲလှယ်ပြီးစီးမှု အခြေအနေတွေကို တင်ပြတယ်လို့ ဆိုပါတယ်။
ဒီလပိုင်းအတွင်းမှာ လျှပ်စစ်ဌာနဟာ လုပ်ငန်းကြီး၊ စက်ရုံကြီးတွေက မီတာခိုးတာကို ဖော်ထုတ်အရေးယူပြီး ကျပ်သန်းထောင်ချီ ဒဏ်ရိုက်နေတာကို တွေ့ရပါတယ်။
အဲဒီစက်ရုံတွေကို ချက်ချင်းပိတ်သိမ်းလိုက်ပေမဲ့ လျှပ်စစ်မီးကိုတော့ မှန်အောင်မပေးနိုင်သေးဘဲ ဒီရက်ပိုင်းမှာတင် တနိုင်ငံလုံး မီးပြတ်တာ ၂ ကြိမ်ဖြစ်ခဲ့ပြီး PDF တွေက လျှပ်စစ်တာဝါတိုင်တွေကို ဖျက်ဆီးထားတာကြောင့်လို့ အကြောင်းပြ ထုတ်ပြန်ခဲ့ပါတယ်။











