
ရန်ကုန်၊ သာကေတ မိကျောင်းမွေးမြူရေးစခန်းက မိကျောင်းဥတွေကို တရားမဝင် ရောင်းချမှုတွေ ရှိနေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။
မိကျောင်းမွေးမြူရေးစခန်းက သူတွေဟာ မိကျောင်းဥတလုံးကို ၃,၀၀၀ ကျပ်နဲ့ တရားမဝင် ရောင်းချပေးနေပြီး ဝယ်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မိကျောင်းကန်အနီး နေထိုင်သူတယောက်က “မိကျောင်းဥတွေက ဝယ်လို့ရတယ်။ ကြော်စားကြတာ များတယ်။ တိတ်တိတ်လေး ရောင်းပေးတာ။ သိရင်တော့ အဖမ်းခံရမှာပေါ့။ လာဝယ်ကြတယ်။ လိုချင်ရင် စခန်းကသူတွေကို မှာထားလိုက်ရင် ရတယ်။ ဈေးကွက်တခုလို ဖြစ်နေတာ” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှာ ပိတ်ထားခဲ့တဲ့ သာကေတ မိကျောင်းမွေးမြူရေးစခန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်လည်ပတ်သူကလည်း မရှိသလောက်ဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မိကျောင်းမျိုးစိတ် ၄ မျိုးရှိပြီး သာကေတမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်၊ မိကျောင်း မွေးမြူရေးစခန်းမှာ ငမိုးရိပ်လို့ခေါ်တဲ့ ရေငန်မိကျောင်း Crocodylus porosus မျိုးစိတ် ၅ ပေကနေ ၁၀ ပေအထက်အရွယ် အကောင် ၃၅၀ ကျော် မွေးမြူထားပါတယ်။
ဝင်ကြေးအနေနဲ့ နိုင်ငံခြားသားတယောက်ကို ငွေကျပ် ၅,၀၀၀၊ နိုင်ငံသား လူကြီးတယောက်ကို ငွေကျပ် ၁,၀၀၀ နဲ့ ၅ နှစ်အောက်ကလေးတွေကိုတော့ အခမဲ့အဖြစ် သတ်မှတ်ထားပါတယ်။











