DVB Logo
Home
မြန်မာသတင်း
မူလတန်းနှင့် အလယ်တန်း ကျောင်းသားဟောင်းများကို ပြန်လက်ခံမည်
DVB
·
July 28, 2026
မူလတန်းနှင့် အလယ်တန်း ကျောင်းသားဟောင်းများကို ပြန်လက်ခံမည်
Donate to DVB

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေတဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားဟောင်းတွေကို ကျောင်း ပြန်လက်ခံမယ်လို့  စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက  ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောင်းပြင်ပ မူလတန်းပညာရေး NFPE မှာအသက် ၁၀ နှစ်ကနေ ၁၆ နှစ်အတွင်း ရှိသူတွေ၊ အလယ်တန်း NFME မှာ အသက် ၁၃ နှစ်ကနေ ၂၁ နှစ်အတွင်း ရှိသူတွေကို အတန်းနေရာချထားစစ်ဆေးမှု Placement Test ကို အထူးအစီအစဉ်တရပ်အနေနဲ့ စိစစ်လက်ခံပေးသွားမယ်လို့ဆိုပါတယ်။

Placement Test ဖြေဆိုမဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ကျောင်းပြင်ပ မူလတန်းပညာရေးမှာဖြစ်စေ၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးမှာဖြစ်စေ ဖြေဆိုဖို့အတွက် ပညာရေးထောက်ခံချက်၊ ဒါမှမဟုတ် အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေကနေ ရွှေ့ပြောင်းနေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်၊ အသက်ထောက်ခံချက်နဲ့အတူ မြို့နယ်ပညာရေးမှူးရုံးတွေမှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့က ကျောင်းဆရာမတယောက်က “နိုင်ငံရေးအပြောင်းအလဲတွေ မဖြစ်ခင်က ဒါမှမဟုတ် ကိုယ်နောက်ဆုံးတက်ခဲ့တဲ့ အတန်းပညာရေး ထောက်ခံချက် ရှိဖို့လိုပါတယ်။ ပဋိပက္ခတွေရှိလို့ နေရာရွှေ့ပြောင်းလာသူတွေကတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ရဖို့ လိုပါတယ်။ ဒါမှ ပြန်ဖြေလို့ရမှာပါ။ အခုတခေါက်က အသက် ၂၁ ထိ ထပ်တိုးပေးထားတာဆိုတော့ ဒီ ၅ နှစ်ကျော်အတွင်း ကျောင်းဆက်မတက်ဖြစ်လိုက်တဲ့ ၉ တန်း ၁၀ တန်းအရွယ် ကလေးတွေလည်း ပြန်ဖြေလို့ရတဲ့ သဘောပေါ့" လို့ ပြောပါတယ်။

ဖြေဆိုမဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ သက်ဆိုင်ရာ ပညာရေးမှူးတွေက သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ ဩဂုတ် ၉ ရက်မှာ ဖြေဆိုရမယ်လို့ ဆိုထားပါတယ်။

မေလတုန်းကလည်း ပညာရေးဝန်ကြီးဌာနက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကနေစပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေတဲ့ အခြေခံပညာ မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် Placement Test ဖြေဆိုဖို့ လုပ်ဆောင်ခဲ့ပြီး ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ဖြေဆိုခဲ့ကြတဲ့ ကျောင်းသားတွေ ရှိခဲ့ပါတယ်။

မန္တလေးမြို့က ကျောင်းသားမိဘတယောက်က “တို့ကတော့ ပြန်မဖြေခိုင်းတော့ဘူး။ ကလေးကလည်း ကျောင်းနဲ့ဝေးတာကြာသွားတော့ မဖြေချင်တော့ဘူး။ ဒါနဲ့ ဘာသာစကားပဲ သင်ခိုင်းပြီး သင်တန်းပြီးရင် နိုင်ငံခြားဆက်သွားဖို့ပဲ စီစဉ်လိုက်တယ်။ ယောက်ျားလေးလည်း ဖြစ်နေတော့ ဒီထဲမှာဆက်ထားရင် အသက်က တဖြည်းဖြည်းနဲ့ စစ်မှုထမ်းသက်ထဲ အကျုံးဝင်လာပြီလေ” လို့ ပြောပါတယ်။

ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဂန့်ဂေါမဲဆန္ဒနယ်က ဒေါ်အိဖြူလွင်က အကြောင်းအမျိုးမျိုးကြောင့် နှစ်အောက်ခဲ့တဲ့ လက်ရှိ ကျောင်းတက်နေတဲ့ ကလေးတွေကို Placement Test ပညာရေးအစီစဉ်မှာ ပါဝင်ခွင့်နဲ့ အသက်နဲ့ အတန်းချိန် ညှိပေးနိုင်ဖို့ ရှိ၊ မရှိ အသက် ၁၅ နှစ်ကျော်ကနေ ၁၈ နှစ်အရွယ် ကလေးတွေအတွက် ကျောင်းပြင်ပ ပညာရေး အကောင်အထည်ဖော်ဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီနောက် ပညာရေးဒုဝန်ကြီး ဦးနေမျိုးလှိုင်က သက်လွန်ကလေးတွေ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး အထူးအစီအစဉ်အဖြစ် အသက်သတ်မှတ်ချက်တွေကို ဖြေလျှော့ပြီး တန်းညှိပေးတဲ့အနေနဲ့ Placement Test ဖြေဆိုခွင့်ကို ဩဂုတ်လ ဒုတိယပတ်မှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပြီးနောက် ဒီနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013