
ရိုဟင်ဂျာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ကဗျာဆရာမ၊ စာရေးဆရာမလည်းဖြစ်တဲ့ ရာစမင်အူလာကို အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာမြို့မှာ အောက်တိုဘာ ၁၇ ရက်က ကျင်းပတဲ့ အခမ်းအနားမှာ ၂၀၂၆ ခုနှစ်အတွက် ဒါနီယယ်လီပို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆု ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
ဒီဆုဟာ ကမ္ဘာတဝန်းမှာရှိတဲ့ လူ့အခွင့်အရေး ကာကွယ်ရေး၊ လူမှုရေး တရားမျှတမှု မြှင့်တင်ရေးနဲ့ ထိခိုက်လွယ်တဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို ကာကွယ်ရာမှာ ထူးကဲတဲ့ သတ္တိကို ပြသခဲ့ကြတဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီဆုရတာနဲ့ ပတ်သက်ပြီး ရာစမင်အူလာက “ဒီဆုဟာ ကျမတယောက်တည်း ဆိုင်တာ မဟုတ်ပါဘူး။ အသက်ဆက်ရှင်သန်ဖို့ ကြိုးစားရင်းကနေ ခုခံတွန်းလှန်သူတွေ ဖြစ်လာကြတဲ့၊ ဝမ်းနည်းပူဆွေးမှုတွေကို လက်တွေ့လှုပ်ရှားမှုတွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတဲ့၊ ပြီးတော့ စည်းလုံးညီညွတ်မှုကို တရားမျှတမှုအတွက် အင်အားတရပ်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတဲ့ ရိုဟင်ဂျာအမျိုးသမီးအားလုံးရဲ့ ဆုဖြစ်ပါတယ်။ အသံတိတ် နှုတ်ပိတ်မခံဘဲ ငြင်းဆန်ခဲ့ကြတဲ့ အမျိုးသမီးတိုင်းရဲ့ နာမည်နဲ့ ဒီဆုကို ကျမ လက်ခံရယူတာပါ”လို့ DVB ကို ပြောပါတယ်။
ဒီဆုကို ဥရောပပါလီမန်၊ အီတလီဆီးနိတ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ရဲ့ ကမကထပြုမှုအောက်မှာ အီမီလီယာ-ရိုမာဂ်နာဒေသနဲ့ ဘိုလော့ဂ်နာ တက္ကသိုလ်တို့က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
ဒီဆုဟာ ဘိုလော့ဂ်နာ မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ ဘိုလော့ဂ်နာ မက်ထရိုပိုလီတန်မြို့တော်နဲ့ ပီယေးဗေးဒီချန်တိုမြို့နယ်တို့ကနေ လေကာဇေ ဒက်ဂျီ အန်းဂျယ်လီအသင်းနဲ့ ပူးပေါင်းပြီး ဆယ်စုနှစ်တခုကျော်ကြာအောင် နှစ်စဉ်ချီးမြှင့်လာခဲ့တဲ့ ဆုလည်း ဖြစ်ပါတယ်။
ဆုပေးပွဲ အခမ်းအနားကို ဘိုလော့ဂ်နာမြို့ ဒုတိယမြို့တော်ဝန် အမ်မလီကလန်စီ ကိုယ်တိုင် တက်ရောက် အားပေးခဲ့ပါတယ်။
ရာစမင်အူလာဟာ အောက်တိုဘာ ၁၇ ရက်တုန်းက အီတလီနိုင်ငံ၊ ပီယေးဗေးဒီဆန်တိုမြို့မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲနဲ့ တခြား အများပြည်သူဆိုင်ရာ အစည်းအဝေးတွေကိုလည်း တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ဘိုလော့ဂ်နာနဲ့ ဆန်တိုမြို့တွေမှာရှိတဲ့ ကျောင်းတွေကို သွားပြီးတော့လည်း ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှု၊ လူ့အခွင့်အရေးနဲ့ လူမျိုးစုတွေကြား ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးတွေအကြောင်း အီတလီ ကျောင်းသား၊ ကျောင်းသူတွေကို အသိပညာပေး ဆွေးနွေးခဲ့ပါသေးတယ်။
ရာစမင်အူလာဟာ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ဦးဆောင်ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပြီးမှာ တည်ထောင်ခဲ့တဲ့ Rohingya Maìyafuìnor Collaborative Network (RMCN) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ ဒုက္ခသည်တွေကိုယ်တိုင် ဦးဆောင်နေတဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်ပြီး၊ နိုင်ငံတကာနယ်ပယ်နဲ့ နိုင်ငံရပ်ခြားရောက်နေတဲ့ တိုင်းရင်းသားအသိုက်အဝန်းတွေကြားမှာ လှုပ်ရှားနေပါတယ်။
RMCN ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူမျိုးစုပေါင်းစုံ အပြန်အလှန် ဆွေးနွေးမှု၊ နိုင်ငံတကာ ဥပဒေအရ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာ အမျိုးသမီးငယ်တွေရဲ့ ကိုယ်စားပြုမှုအတွက် တိုက်ပွဲဝင်နေတာပါ။
ဒါ့အပြင် သူတို့အဖွဲ့ဟာ အဖွဲ့အစည်းဆိုင်ရာ တိုက်ပွဲဝင်မှုတွေနဲ့ သမိုင်းဝင် တရားဥပဒေဆိုင်ရာ အစပျိုးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။
အထူးသဖြင့် အင်ဒိုနီးရှားတရားရုံးမှာ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ဥပဒေအရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားမှု၊ ဆေးဝါးနဲ့ အာဟာရဆိုင်ရာ အကူအညီတွေကိုလည်း တိုက်ရိုက်ပံ့ပိုးပေးနေပါတယ်။











