DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများအတွက် သြစတြေးလျအစိုးရက ကန်ဒေါ်လာ ၁၇ ဒသမ ၇၄ သန်းခန့် ထောက်ပံ့
DVB
·
August 4, 2026
Photo: REUTERS/Jorge Silva
Photo: REUTERS/Jorge Silva
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ လက်ခံထားတဲ့ ဒေသခံအသိုက်အဝန်းအတွက် သြစတြေးလျအစိုးရက   သြစတြေးလျဒေါ်လာ ၂၅ ဒသမ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၄ သန်းခန့်) ကို ထောက်ပံ့ပေးမယ်လို့ ကြေညာပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း အကာအကွယ်ပေးရေး လုပ်ငန်းစဉ်တွေ၊  ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားရေးနဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေး နည်းလမ်းတွေအတွက် ရန်ပုံငွေသစ် ထောက်ပံ့မှာလို့ တူရကီ အစိုးရပိုင် သတင်းအေဂျင်စီ Anadolu Ajansı (AA)က ဖော်ပြပါတယ်။

ကမ္ဘာတဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေ လျော့နည်းလာနေချိန်မှာ  သြစတြေးလျအစိုးရနဲ့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားတောင်ဘက်ကမ်းရိုးတန်းရှိ ရိုဟင်ဂျာတွေနဲ့ လက်ခံထားတဲ့ ဒေသခံတွေအတွက် အကူအညီထောက်အပံ့တွေ တနင်္လာနေ့က ပူးတွဲကြေညာခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း အသက်ကယ်ဆယ်ရေး အကူအညီတွေကို ဆက်လက် ထိန်းသိမ်းဖို့၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ပံ့ပိုးပေးရန်ဖို့နဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေး နည်းလမ်းတွေအတွက် ရန်ပုံငွေ ပံ့ပိုးပေးပေးရာမှာ အသုံးပြုသွားမယ်လို့ ဒါကာမြို့ရှိ UNHCR ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ ထောက်ပံ့မှု ကြေညာချက်ကို မြို့တော်ဒါကာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခါလီလူး ရာမန်နဲ့ သြစတြေးလျနိုင်ငံရဲ့ နိုင်ငံတကာပညာရေးဆိုင်ရာ ဒုတိယဝန်ကြီး ဂျူလီယန် ဟီးလ်တို့ ပါဝင်တက်ရောက် ပွဲမှာ ထုတ်ပြန်ခဲ့တာပါ။

ဂျူလီယန်ဟီးလ်က “မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးဖို့ သြစတြေးလျအနေနဲ့ ဆက်လက်ကတိပြုထားပါတယ်။ နေရပ်စွန့်ခွာရတဲ့ ရိုဟင်ဂျာတွေဟာ အိမ်ပြန်ချင်ကြပေမဲ့ သူတို့ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ ရေရှည်တည်တံ့စွာ ပြန်လည်နေထိုင်နိုင်ဖို့ မြန်မာနိုင်ငံတွင်း အခြေအနေတွေ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်းက အကျပ်အတည်းရဲ့ မူလဇာစ်မြစ်ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်မှပဲ ရရှိနိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR အဓိကတာဝန်ခံ ဂျူးလီးယက် မူရီကေယီဆိုနီက “၉ နှစ်နီးပါး ကြာမြင့်လာတာနဲ့အမျှ ကမ္ဘာ့အခြားနေရာတွေမှာ အရေးပေါ်အခြေအနေအသစ်တွေ ပေါ်ပေါက်လာတာကြောင့် ရိုဟင်ဂျာအကျပ်အတည်းဟာ ကမ္ဘာ့အာရုံစိုက်မှုကနေ မှေးမှိန်သွားမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက စစ်အစိုးရအဆက်ဆက်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုအပြီး စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံထွက်ပြေးခိုလှုံခဲ့ရပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းလောက် ဆက်လက်နေထိုင်နေရဆဲဖြစ်ပြီး အများစုမှာ ကော့ဇ်ဘဇားမြို့အနီးရှိ ကျဉ်းကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

Source: Anadolu Ajans

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013