
ဧပြီလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှု အခံရဆုံး စစ်ဗိုလ်ချုပ်ဟာ ပုဆိုးကိုဝတ်ဆင်ကာ သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာခဲ့ပါတယ်။ ဒါဟာ စနစ်တကျ စီစဉ်ထားတဲ့ နိုင်ငံရေး အကူးအပြောင်းတခုရဲ့ ဇာတ်အထွတ်အထိပ်ကို ရောက်ရှိသွားတာလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက ကြိုတင်ပြင်ဆင်ခဲ့တဲ့ ဝါဒဖြန့်ချိရေး ကမ်ပိန်းတခုရဲ့ အဆုံးသတ် ရလဒ်လည်း ဖြစ်ပါတယ်။ ဒီဝါဒဖြန့် စက်ယန္တရားကြီးအကြောင်း ဘယ်သူတွေ တည်ဆောက်ခဲ့သလဲ၊ ဘယ်လို လည်ပတ်နေသလဲ၊ နိုင်ငံတကာအဆင့်မှာ ဘယ်သူတွေက ပုံကြီးချဲ့ ဖြန့်ဝေပေးနေသလဲ ဆိုတာ ကို နားလည်ဖို့ဟာ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေအတွက် သာမက၊ အစိုးရသစ်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်စတင်ဖို့ စဉ်းစားနေကြတဲ့ ဒေသတွင်းက အစိုးရတိုင်းအတွက်ပါ အရေးကြီးပါတယ်။
စက်ယန္တရားကြီး
စစ်ကောင်စီရဲ့ သတင်းအချက်အလက် စစ်ဆင်ရေးမှာ မတူညီတဲ့ ပရိသတ်တွေကို ပစ်မှတ်ထားတဲ့ အလွှာအသီးသီး ပါဝင်ပါတယ်။ တရားဝင်အလွှာမှာတော့ အရပ်သား နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ 'မြန်မာ့အလင်း' နဲ့ မြန်မာစစ်တပ်ရဲ့ ကိုယ်ပိုင်အာဘော်ဖြစ်တဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ကိုင်တွယ်တဲ့ 'မြဝတီ နေ့စဉ်သတင်းစာ' တို့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ အဲဒီသတင်းစာတွေကို အလေးအနက်ထား စောင့်ကြည့်တာမျိုးမရှိသလို ယုံကြည်မှုလည်းမရှိကြပါဘူး။
အဲဒါထက် ပိုပြီး သက်ရောက်မှုရှိတဲ့ အလွှာကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းခဲ့ပြီး လူသိရှင်ကြား ဝက်ဘ်ဆိုက်တခုနဲ့ လည်ပတ်နေတဲ့ မြန်မာ့ဇာတ်ကြောင်းပုံဖော်ရေး တွေးခေါ်ရှင်အဖွဲ့ ( Myanmar Narrative Think Tank - MNTT) ပဲ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တွေထဲမှာ သန်းရွှေခေတ်ကတည်းက အမြစ်တွယ်ခဲ့တဲ့ မီဒီယာလုပ်ငန်းရှင်တဦးဖြစ်တဲ့ Yangon Media Group ဥက္ကဋ္ဌ ဦးကိုကို၊ နိုင်ငံတကာ ပညာရေးနောက်ခံရှိတဲ့ စီးပွားရေးပညာရှင်လည်းဖြစ် လက်ရှိ စစ်အာဏာရှင် ဗဟိုဘဏ် ဒါရိုက်တာနဲ့ CESD အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ ဒေါက်တာ ဇော်ဦး ၊ ရုရှားပြန် စစ်အရာရှိဟောင်းနဲ့ ကာကွယ်ရေး သုတေသန အင်စတီကျုတခုကို ဦးဆောင်နေသူ ဒေါက်တာ နိုင်ဆွေဦး နောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင်ဟောင်း ဒေါက်တာ ခင်မောင်လွင် တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အရင်က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ဖူးသူ တချို့လည်း ပါဝင်တဲ့အတွက် တိုင်းရင်းသား သင့်မြတ်ရေးနဲ့ ယခင် NLD အစိုးရနဲ့ နီးစပ်ခဲ့မှုဆိုတဲ့ ယုံကြည်ရလောက်တဲ့ ပုံရိပ်တွေကို ရယူထားပါတယ်။
အဖွဲ့ဝင်တဦးချင်းစီကို စီးပွားရေးအရ ယုံကြည်ရမှု၊ လုံခြုံရေးဆိုင်ရာ ပုံဖော်မှု၊ တိုင်းရင်းသား သင့်မြတ်ရေးနဲ့ ပညာရှင်ဆန်ဆန် တရားဝင်မှု စတဲ့ သီးခြား ဇာတ်ကြောင်း နယ်ပယ်တခုစီကို ဖုံးကွယ် ကာကွယ်ပေးဖို့အတွက် စုဆောင်းခဲ့တာပါ။ သူတို့ဟာ စစ်ဝတ်စုံဝတ် ဗိုလ်ချုပ်တွေ ကိုယ်တိုင် မလုပ်နိုင်တဲ့ 'အရပ်သား မျက်နှာစာ' ကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
MNTT ရဲ့ လုပ်ငန်းလည်ပတ်ပုံကို ၂၀၂၅ ခုနှစ်၊ မတ် ၂၁ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “၂၀၂၅ အလွန် မြန်မာနိုင်ငံ - ဝင်ရိုးစွန်းပေါင်းစုံ ကမ္ဘာသစ်မှ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ဆိုတဲ့ သူတို့ရဲ့ ပထမဆုံး ဖိုရမ်မှာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဖိုရမ်ကို မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံခြားသား ပါဝင်တက်ရောက်သူတွေကို အထိမ်းအမှတ် တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။ နိုင်ငံတကာက အထင်ကြီးအောင် စကားပြောမဲ့သူတွေကိုလည်း သေချာ ရွေးချယ်စုဆောင်းခဲ့ပါတယ်။ အဲဒီအထဲမှာ ရုရား ပရော်ဖက်ဆာ အလက်ဇန္ဒား ဒူဂင်၊ ဖူဒန်တက္ကသိုလ်မှ တရုတ် ပရော်ဖက်ဆာ ကျန်းဝေဝေ ၊ အိန္ဒိယနိုင်ငံ ဗီဗေကနန္ဒာ နိုင်ငံတကာ ဖောင်ဒေးရှင်းမှ ဗိုလ်မှူးချုပ် ဗီနော့ဒ် အာနန်၊ နီပေါ ဝန်ကြီးချုပ်ဟောင်း မက်ဒ်ဟက်ဗ် နီပေါ နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကေအိုတို့ ပါဝင်ပါတယ်။ MNTT ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တွေလိုပဲ၊ စကားပြောဆိုသူ တဦးချင်းစီဟာ မတူညီတဲ့ ဒေသတွင်း လမ်းကြောင်းတွေဆီကနေ ယုံကြည်ရမှုကို ပေးစွမ်းခဲ့ပါတယ်။ ဒီဖိုရမ်ရဲ့ ရည်ရွယ်ချက်ဟာ "အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ချေပဖို့နဲ့ တိုင်းပြည်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့" ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
သတင်းတွေ ဘယ်လို ဖန်တီးသလဲ
MNTT ရဲ့ အောက်မှာတော့ ၂၀၂၁ စစ်အာဏာသိမ်းတဲ့နှစ်မှာပဲ တည်ထောင်ခဲ့ပြီး "လွတ်လပ်၊ တရားမျှတ၊ ဘက်မလိုက်" ဆိုတဲ့ မူဝါဒတွေနဲ့ လည်ပတ်နေတဲ့ ရန်ကုန်အခြေစိုက် CNI သတင်းဌာန (CNI Myanmar) ရှိပါတယ်။ သူတို့ဆီမှာ အမည်ဖော်ပြထားတဲ့ အယ်ဒီတာတွေ မရှိသလို၊ ပိုင်ရှင်ဘယ်သူဆိုတာလည်း ထုတ်ဖော်ထားခြင်း မရှိပါဘူး။ စစ်အာဏာရှင်ရဲ့ စည်းမျဉ်းတွေကို ဝေဖန်ခဲ့ဖူးတဲ့ မှတ်တမ်းလည်း လုံးဝ မရှိပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့ သတင်းဌာန ၂၀ ကျော် လိုင်စင်ရုပ်သိမ်းခံရပြီး သတင်းထောက် ၂၀၀ ကျော် ဖမ်းဆီးခံထားရချိန်မှာ ဒီသတင်းဌာနကတော့ ရန်ကုန်မှာ ပေါ်ပေါ်ထင်ထင် ဆက်လက် လည်ပတ်နေပါတယ်။
CNI ရဲ့ လုပ်နည်းလုပ်ဟန်ဟာ မြန်မာ့အလင်း ဒါမှမဟုတ် မြဝတီသတင်းစာတို့လို အပေါ်ယံမဟုတ်တဲ့အတွက် သေချာ လေ့လာစရာ ကောင်းပါတယ်။ သူတို့ဟာ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေ၊ အထောက်အထားတွေ သိပ်မပါပေမဲ့ တရားဝင်သတင်းလို ထင်ရအောင် ဖန်တီးထားတဲ့ အရေးကြီးတဲ့ နိုင်ငံရေး ခေါင်းစီးသတင်းတွေကို ဖော်ပြလေ့ရှိပါတယ်။ MNTT ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း စာသားမပြောင်းဘဲ အတိအကျ ဖော်ပြလေ့ရှိပါတယ်။ ဥပမာ - ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ICJ တရားရုံးကို သွားခဲ့တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ သုံးနှုန်းခဲ့တဲ့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းမျိုးကို ဖော်ပြခဲ့တာပါ။ အဲဒီဖော်ပြချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက "စော်ကားမှုဖြစ်ပြီး သမိုင်းကြောင်းအရ မှားယွင်းတယ်"လို့ တရားဝင် ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် အသစ်ဖွဲ့စည်းလိုက်တဲ့ အလိုတော်ရိ ပြည်ထောင်စု လွှတ်တော်ကိုလည်း ပုံမှန် ဒီမိုကရေစီ အဖွဲ့အစည်းတခုလို ပုံဖော်ဖို့ ကြိုးစားနေပါတယ်။ ထင်ရှားတာကတော့ သူတို့ရဲ့ သတင်းတွေမှာ အရပ်သားတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ၊ စစ်မြေပြင်က အရှုံးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားမှု စတာတွေကို လုံးဝ ဖယ်လှပ်ထားတာပါပဲ။
ဒါကြောင့် နောက်ခံအကြောင်းအရင်းကို သေချာမသိတဲ့ စာဖတ်သူတယောက်အတွက် တကယ့် ဒေသတွင်း သတင်းအစစ်အမှန်လို့ ထင်ယောင်ထင်မှား ဖြစ်သွားစေနိုင်ပါတယ်။ လွတ်လပ်တဲ့ သတင်းထောက်တွေ ဖမ်းဆီး၊ သတ်ဖြတ်၊ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးနေရတဲ့ မီဒီယာပတ်ဝန်းကျင်မှာ၊ CNI ဟာ သတင်းလွတ်လပ်ခွင့် ကွက်လပ်ကြီးကို ဝင်ယူပြီး သတင်းနဲ့တူတဲ့ ဒါပေမဲ့ ဝါဒဖြန့်ချိရေးသက်သက်ဖြစ်တဲ့ အကြောင်းအရာတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ပေကျင်းနဲ့ မော်စကိုက အသံချဲ့စက်များ
၂၀၂၅ ခုနှစ် သြဂုတ်လမှာ ဦးကိုကို ကိုယ်တိုင် တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနရဲ့ ရန်ကုန်ဗျူရိုအကြီးအကဲနဲ့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ချိန်မှာတော့ MNTT ရဲ့ နိုင်ငံတကာ ချိတ်ဆက်မှုဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံပေါင်း ၁၁၀ က အဖွဲ့အစည်းပေါင်း ၂၆၀ နဲ့ MNTT ရဲ့ ထုတ်လုပ်မှုတွေကို ချိတ်ဆက်ပေးမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ဘရာဇီးနိုင်ငံက BRICS မီဒီယာဖိုရမ်မှာ စတင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ 'Global South ပူးတွဲ ဆက်သွယ်ရေး မိတ်ဖက်အစီအစဉ်' ထဲကို တရားဝင် ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ "အသိအမြင်လွှမ်းမိုးမှု စစ်ဆင်ရေး (cognitive warfare)" လို့ ပေကျင်းက ခေါ်ဆိုတဲ့အရာကို တန်ပြန်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာပါ။ အဲဒီအချက်ကို ဆင်ဟွာနဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP) ယူနန်ပြည်နယ် ကော်မတီတို့ ပူးတွဲကျင်းပတဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ကူမင်းဖိုရမ် အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
ရုရှားကလည်း အပြန်အလှန် အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့တာ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ အကာအကွယ်ပေးတာ၊ မြန်မာ့အကူးအပြောင်းကို ကာကွယ်ပေးတဲ့ နိုင်ငံပိုင်မီဒီယာ ဖော်ပြချက်တွေနဲ့ ကူညီနေပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်ကောင်စီနဲ့ ၅ နှစ်တာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးချိန်မှာ၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူက "ရုရှားနဲ့ မြန်မာအပေါ် အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ မျက်နှာစာ အပါအဝင် မော်စကိုရဲ့ ဘက်စုံကူညီပံ့ပိုးမှုတွေကို ခင်ဗျားတို့ အပြည့်အဝ အားထားနိုင်ပါတယ်" လို့ တိုက်ရိုက် ပြောဆိုခဲ့ပါတယ်။ ဒီအာမခံချက်ဟာ နိုင်ငံတကာ ပရိသတ်တွေကို ရည်ရွယ်သလို၊ မြဝတီသတင်းစာကို ဖတ်နေတဲ့ စစ်တပ်ပရိသတ်တွေကိုလည်း ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီယန္တရားကြီးတခုလုံး စုပေါင်းလည်ပတ်ပုံကတော့ - MNTT က တရားဝင်မှုရှိစေမဲ့ ဇာတ်ကြောင်းတွေကို ဖန်တီးပေးတယ်၊ အဲဒါတွေကို CNI က လွတ်လပ်တဲ့ အယ်ဒီတာအာဘော်ဆိုတဲ့ ဟန်ပြပုံစံနဲ့ ပြည်တွင်းမှာ ဖြန့်ဝေပေးတယ်၊ ပြီးတော့ ဆင်ဟွာနဲ့ ရုရှား နိုင်ငံပိုင် မီဒီယာတွေက နိုင်ငံတကာကို ဆက်လက် ဖြန့်ဝေပေးတာပဲ ဖြစ်ပါတယ်။
ဒေသတွင်း အကျိုးသက်ရောက်မှုများ
၂၀၂၆ ခုနှစ် ဧပြီလက The Diplomat ရဲ့ အစီရင်ခံစာအရ၊ မတ်လဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအတွက် အသေအပျောက် အများဆုံးလဖြစ်ခဲ့ပြီး စစ်အာဏာရှင်တပ်ကြောင့် တလတည်းမှာ လူပေါင်း ၅၁၈ ဦး သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံတဝန်းက သာမန်ပြည်သူတွေဟာ နိုင်ငံရေး အကူးအပြောင်းတွေထက် လေကြောင်းကနေ ဗုံးကြဲခံရမှာ၊ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကို ပိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။ ဒါကြောင့်မို့ ဒီဝါဒဖြန့် ယန္တရားကြီးရဲ့ အဓိက ပစ်မှတ် ပရိသတ်ဟာ ဒေသတွင်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အသွင်ပြောင်း မြန်မာစစ်အာဏာရှင်နဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်ဖို့အကြောင်းပြချက်တွေ လိုအပ်နေတဲ့ အာဆီယံ အစိုးရတွေလည်း ပါဝင်ပါတယ်။
မင်းအောင်လှိုင် သမ္မတဖြစ်လာပြီးကတည်းက တရုတ်၊ ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ခရီးစဉ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုတို့ကလည်း နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ လုပ်ဖို့ အဆင်သင့်ရှိကြောင်း အရိပ်အမြွက် ပြထားပါတယ်။ အဲဒီ ခရီးစဉ်တွေမတိုင်ခင်မှာ မြန်မာနိုင်ငံမှာ စီးပွားရေး တည်ငြိမ်နေပြီး ဒီမိုကရေစီ တိုးတက်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း MNTT က ဖန်တီးတဲ့ မီဒီယာ ကမ်ပိန်းတွေကို အရင်လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက Alt News ဟာ လူမှုကွန်ရက် စုံစမ်းထောက်လှမ်းရေး ပလက်ဖောင်းတခုဖြစ်တဲ့ Graphika နဲ့ ပူးပေါင်းပြီး အဲဒါနဲ့ဆက်စပ်နေတဲ့ စစ်ဆင်ရေးတခုကို စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ၈ ရက်အတွင်း ကြေးစားသတင်းဝက်ဘ်ဆိုက် ၅ ခုမှာ လုပ်ကြံဖန်တီးထားတဲ့ ဆောင်းပါးတွေကို တင်ပြီး စနစ်တကျ ချိတ်ဆက်လှုပ်ရှားနေတဲ့ သတင်းတု ဖြန့်ချိရေး ကွန်ရက်တခုကို သူတို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဆောင်းပါးတခုချင်းစီမှာ အမည်မဖော်ပြထားတဲ့ လေ့လာသုံးသပ်သူတွေကို ကိုးကားထားပြီး၊ တကယ့် လွတ်လပ်တဲ့ ထောက်ခံချက်တွေ ရနေတယ်လို့ အထင်မှားစေဖို့ အကောင့်အစစ်တွေကနေတဆင့် ပုံကြီးချဲ့ ဖြန့်ဝေအောင် ဖန်တီးထားတာပါ။ အဲဒီကွန်ရက်ဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ သြဇာလွှမ်းမိုးရေး ကွန်ရက်တွေနဲ့ တစိတ်တပိုင်း ထပ်တူကျနေတာ တွေ့ရပါတယ်။ ဒါဟာ CNI ရဲ့ လုပ်နည်းလုပ်ဟန်ကို နယ်စပ်ဖြတ်ကျော်ပြီး အသုံးပြုလိုက်တာလည်းဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး တဦးချင်းစီရဲ့ ခရီးစဉ်တွေကတဆင့် ၂ နိုင်ငံ ဆက်ဆံရေးတွေကို ပုံမှန်ဖြစ်အောင်လုပ်ပြီး အာဆီယံရဲ့ စုအသိအမှတ်မပြုမှုကို ဖြိုခွဲမယ့် စစ်အာဏာရှင်ရဲ့ ဗျူဟာဟာ အလုပ်ဖြစ်နေပုံရပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ဟာ လက်တွေ့မှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ အဲဒီလို သေဆုံးသွားအောင် စစ်ကောင်စီရဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေက ကူညီပေးခဲ့တာပါ။
တော်လှန်ရေးအင်အားစုများ အနိုင်ရနိုင်သည့် သတင်းအချက်အလက် စစ်ပွဲ
တချိန်တည်းမှာပဲ ဒီမိုကရေစီ အတိုက်အခံတွေမှာလည်း စစ်တပ်ထက် သာလွန်တဲ့ အားသာချက်တွေ ရှိနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မကြာသေးမီက ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကွန်ရက်တွေဟာ မြန်မာနိုင်ငံရဲ့ နယ်မြေနဲ့ နယ်စပ်ဒေသ အများအပြားကို စုပေါင်း ထိန်းချုပ်ထားနိုင်ပါတယ်။ ဒေသအများအပြားမှာ ပြည်သူ ၉၅,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ကို ၅ နှစ်တာ ခုခံတော်လှန်ရင်း တရားဝင်မှုကို ရရှိထားပါတယ်။ ဒီတရားဝင်မှုဟာ တော်လှန်ရေးရဲ့ အင်အားအကောင်းဆုံး ဆက်သွယ်ရေး လက်နက်ဖြစ်ပြီး၊ ဘယ်လို PR စာချုပ်၊ ဘယ်လို ဆင်ဟွာ MoU မျိုးနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။
တော်လှန်ရေးအင်အားစုတွေဘက်မှာ အမှန်တရား ရှိနေပြီး၊ အဲဒီအမှန်တရားကို ထိထိရောက်ရောက် ဖြန့်ဝေနိုင်ရင် ဒါဟာ အရေးကြီးတဲ့ အားသာချက်တခုဖြစ်လာမှာပါ။ Irrawaddy, Mizzima, DVB နဲ့ Myanmar Now အပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ကမ္ဘာတဝန်းက လူသန်း ၂၀ လောက်ဆီကို ရောက်ရှိနေပါတယ်။ သူတို့ရဲ့ သတင်းတွေကို ယုံကြည်ရတာဟာ သူတို့ကိုယ်တိုင် ကြီးမားတဲ့ အသက်အန္တရာယ်ကြားကနေ ရယူထားလို့ပဲ ဖြစ်ပါတယ်။ ACLED ရဲ့ သေဆုံးသူ စာရင်းတွေ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖမ်းဆီးခံရသူ စာရင်းတွေနဲ့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု မှတ်တမ်းတွေဟာ MNTT ရဲ့ အပေါ်ယံ စကားလုံးတွေ၊ CNI ရဲ့ အနှစ်သာရမရှိတဲ့ ခေါင်းစီးသတင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စစ်ကောင်စီကို စွပ်စွဲပြစ်တင်နိုင်တဲ့ ခိုင်မာအားကောင်းတဲ့ အချက်အလက် မှတ်တမ်းတွေ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ တန်ပြန် ဇာတ်ကြောင်းတွေဟာလည်း ပိုပြီး ဗျူဟာမြောက် စနစ်ကျလာပါတယ်။ NUG ယာယီသမ္မတ ဒူဝါလရှီးလက PDF ရဲ့ ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တော်လှန်ရေးရဲ့ နောက်ဆုတ်ရမှုတွေကို "ရှေ့နှစ်လှမ်းတိုး၊ နောက်တလှမ်းဆုတ်" ဆိုပြီး ရိုးရိုးသားသား အကဲဖြတ် ပြောဆိုခဲ့ချိန်မှာ၊ ဒီပွင့်လင်းမှုဟာ စစ်အာဏာရှင်ရဲ့ ဟန်ပြ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတဲ့အတွက် နိုင်ငံတကာ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ ဒီလိုမျိုး ကြိုတင်ဇာတ်တိုက်မထားတဲ့၊ ယုံကြည်ရတဲ့ ဆက်သွယ်ပြောဆိုမှုမျိုးဟာ ဝါဒဖြန့်မှုတွေနဲ့ ဘယ်တော့မှ မရနိုင်တဲ့ ရေရှည် ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ မြန်မာနိုင်ငံ မြေပြင်ဧရိယာရဲ့ သုံးပုံတပုံခန့်ကို လွှမ်းခြုံထားပြီး အဓိက တော်လှန်ရေး အင်အားစုတွေကို နိုင်ငံရေး ဘောင်တခုတည်းအောက်မှာ စုစည်းပေးလိုက်တဲ့ SCEF ကို ၂၀၂၆ ခုနှစ် မတ်လမှာ ဖွဲ့စည်းလိုက်ခြင်းဟာလည်း myanmarnarrative.org က ဘာတွေပဲ ဖော်ပြနေပါစေ တခြားရွေးချယ်စရာ နိုင်ငံရေး အစစ်အမှန်တခု ရှိနေတယ်ဆိုတာကို ပြသနေတဲ့ တန်ပြန် ဇာတ်ကြောင်းတခုပဲ ဖြစ်ပါတယ်။
ဒီလိုပြောလို့ သတင်းအချက်အလက် မညီမျှမှုဟာ စိန်ခေါ်မှုတခု မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ စစ်အာဏာဟာ မကြာသေးမီက အမေရိကန် အစိုးရကို လော်ဘီလုပ်ဖို့ ဝါရှင်တန်အခြေစိုက် ပြည်သူ့ဆက်ဆံရေး (PR) ကုမ္ပဏီတခုနဲ့ ဒေါ်လာသန်းချီတန်တဲ့ စာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Reuters Institute for the Study of Journalism ဖော်ပြခဲ့သလိုပဲ၊ လွတ်လပ်တဲ့ မြန်မာမီဒီယာတွေဟာ ရှင်သန်ရပ်တည်ရေးအတွက် ရန်ပုံငွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကျပ်အတည်းဟာ USAID ရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုတွေ၊ ဒီနှစ်ထဲမှာ ပြီးဆုံးမဲ့ ဆွီဒင်မီဒီယာရန်ပုံငွေနဲ့ ဥရောပ အလှူရှင်တွေရဲ့ နောက်ဆုတ်သွားမှုတွေကြောင့် ဖြစ်ပြီး၊ အဓိက သတင်းဌာနတွေရဲ့ ဘတ်ဂျက် အများအပြားကို ဆုံးရှုံးသွားစေတယ်လို့ ခန့်မှန်းရပါတယ်။ Burma News International (BNI) ဆိုရင် ပဋိပက္ခ ဒေသက ပြည်သူတွေကို လေကြောင်းရန် သတိပေးနေတဲ့ ရေဒီယို အစီအစဉ်တွေကိုတောင် ရပ်နားလိုက်ရတယ်လို့ သတင်းထွက်နေပါတယ်။ Reuters Institute က "ဒီဂေဟစနစ်ကြီးသာ ပြိုကျသွားရင်၊ ပြန်လည်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ ကြာသွားနိုင်တယ်" လို့ ဖော်ပြခဲ့ပါတယ်။
လွတ်လပ်တဲ့ မြန်မာသတင်းစာပညာကို ထောက်ပံ့ရေးဟာ မဖြစ်မနေ လုပ်ရမယ့် ဗျူဟာမြောက် ကိစ္စတစ်ခုပါ။ DVB, Mizzima ဒါမှမဟုတ် BNI ဆီ ရောက်သွားတဲ့ ဒေါ်လာတိုင်းဟာ ဦးကိုကိုရဲ့ ကွန်ရက်ကို ဖြိုခွင်းမဲ့၊ CNI ရဲ့ ဝါဒဖြန့်မှုတွေကို ဖော်ထုတ်ပေးမဲ့၊ ပြီးတော့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို အာဆီယံ အစိုးရတွေ ဆက်လက်မြင်တွေ့နိုင်အောင် ထိန်းသိမ်းပေးမဲ့ ဒေါ်လာတွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေဆီမှာ ပိုမိုခိုင်မာတဲ့ ဇာတ်ကြောင်းတွေ ရှိပါတယ်။ သူတို့ လိုအပ်နေတာက အဲဒီဇာတ်ကြောင်းတွေကို ပြောပြနိုင်မဲ့ အခြေခံအဆောက်အအုံ (ယန္တရား) သာ ဖြစ်ပါတယ်။
အာခင်းမ်မွန်းဇ်
(The Diplomat မဂ္ဂဇင်းဝက်ဆိုက်တွင် ဆောင်းပါးရှင် Achim Munz ရေးသားထားသည့် “Propaganda and Fake News Editors: Myanmar’s Manufactured Transition” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ ဆောင်းပါးရှင်သည် ထိုင်းနိုင်ငံရှိ Hanns Seidel Foundation ၏ဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်ပြီး သူသည် ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သူ ဖြစ်သည်။)










