
အီရန်စစ်ပွဲ၏ ပထမအပတ်များအတွင်း AI နည်းပညာဖြင့် ဖန်တီးထားသော ဗီဒီယိုနှင့် ဓာတ်ပုံအတုများ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အလုံးအရင်းနှင့် ပျံ့နှံ့ထွက်လာခဲ့သည်။
အဆိုပါ AI ဖန်တီးချက်များတွင် အမှန်တကယ် ဖြစ်ပွားခြင်းမရှိသော အကြီးအကျယ် ပေါက်ကွဲမှုကြီးများ၊ တိုက်ခိုက်ခံရခြင်း မရှိသော်လည်း ပျက်စီးယိုယွင်းနေသည့် မြို့ပြလမ်းမများ၊ စစ်ပွဲကို ဆန့်ကျင်ကန့်ကွက် ငိုကြွေးနေသည့် အမေရိကန်စစ်သားများ စသည်တို့ ပါဝင်နေပြီး ယင်းတို့သည် အွန်လိုင်းပေါ်ရှိ ပဋိပက္ခသတင်းများကို ပိုမိုရှုပ်ထွေးလာစေခဲ့သည်။
The New York Times သည် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း အရှေ့အလယ်ပိုင်းစစ်ပွဲနှင့် ပတ်သက်၍ AI ဖြင့် ဖန်တီးထားသော ထူးခြားသည့် ဓာတ်ပုံနှင့် ဗီဒီယိုပေါင်း ၁၁၀ ကျော်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းသတင်းတုများသည် စစ်ပွဲ၏ ကဏ္ဍစုံကို လိမ်လည်ဖော်ပြထားခြင်း ဖြစ်သည်။
ထိုပုံများထဲတွင် တယ်လ်ဗစ်မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား၍ အစ္စရေးနိုင်ငံသားများ ထိတ်လန့်တကြား အော်ဟစ်ပုန်းအောင်းနေသည့်ပုံများ၊ အီရန်နိုင်ငံသားများ သေဆုံးသူများ အတွက် ဝမ်းနည်းပူဆွေးနေသည့်ပုံများ၊ အမေရိကန်စစ်သင်္ဘောများ ဒုံးကျည်နှင့် တော်ပီဒိုများဖြင့် အပြင်းအထန် တိုက်ခိုက်ခံနေရသည့်ပုံများ အစရှိသည်တို့ စိတ်ကူးရသမျှ လုပ်ကြံ ဖန်တီးထားပုံများ ပါဝင်နေသည်။
အဆိုပါ AI ဖန်တီးချက်များကို X (Twitter)၊ TikTok နှင့် Facebook ကဲ့သို့သော လူမှုကွန်ရက်များမှတဆင့် အွန်လိုင်းတွင် အကြိမ်ရေ သန်းပေါင်းများစွာ ကြည့်ရှုခဲ့ကြပြီး ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ လူသုံးများသော Messenger Apps များထဲတွင်လည်း မရေတွက်နိုင်အောင် ပျံ့နှံ့ခဲ့သည်။
NYT သည် အဆိုပါ AI များကို နည်းလမ်းနှစ်မျိုးဖြင့် ခွဲခြားသတ်မှတ်ခဲ့သည်။ လက်တွေ့တွင် မရှိသော အဆောက်အအုံများ၊ ဖတ်၍မရသော စာသားအလွဲများ၊ သဘာဝမကျသော လှုပ်ရှားမှုနှင့် အပြုအမူများကို စစ်ဆေးခြင်း။
ဖိုင်များအတွင်း မြှုပ်နှံထားသော ဒီဂျစ်တယ် ရေစာများကို ရှာဖွေခြင်းတို့အပြင် ၎င်းပို့စ်များကို AI စစ်ဆေးသည့် ကိရိယာပေါင်းစုံဖြင့် စမ်းသပ်ခြင်းနှင့် ခိုင်လုံသော သတင်းဌာနများ၏ အစီရင်ခံစာများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။
ယခုကဲ့သို့ စစ်ပွဲပုံရိပ်တုများကို ဖန်တီးနိုင်ခြင်းမှာ ဆန်းသစ်ပြီး အဆင့်မြင့်လာသော AI နည်းပညာသစ်များကြောင့် ဖြစ်သည်။ ယင်းနည်းပညာသည် မည်သူမဆို ကုန်ကျစရိတ် အနည်းငယ်မျှဖြင့် သို့မဟုတ် သာမန်မျက်စိဖြင့် ခွဲခြားရခက်သော စစ်ပွဲပုံရိပ်များကို ဖန်တီးနိုင်သည်။
ယူကရိန်း-ရုရှား စစ်ပွဲကဲ့သို့သော အခြားပဋိပက္ခများတွင်လည်း အလားတူအကြောင်းအရာများ ပျံ့နှံ့ခဲ့ဖူးသည်။ သို့သော် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ချိန်မှစ၍ ယခုစစ်ပွဲတွင် စစ်မျက်နှာပေါင်းစုံ ရှိနေခြင်းကြောင့် သတင်းတု၊ သတင်းမှားများ အလုံးအရင်းနှင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
အဆိုပါ AI ဖန်တီးချက်များသည် ဒေသတွင်းရှိ ပျက်စီးဆုံးရှုံးမှုနှင့် ဖျက်ဆီးခံရမှု မြင်ကွင်းများကို ပုံဖော်ပြသခြင်းဖြင့် အများပြည်သူ၏ စစ်ပွဲအပေါ် သည်းခံနိုင်စွမ်းကို တုန်လှုပ်သွားစေရန် ကြိုးပမ်းနေသည့် တီဟီရန်အတွက် အားကောင်းသော သတင်းအချက်အလက် လက်နက်တခု ဖြစ်လာခဲ့သည်။ အီရန်၏ စစ်ရေးအင်အား သာလွန်မှုနှင့် နည်းပညာအဆင့်မြင့်မားမှုတို့ကို လိမ်လည်ပြသရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့သော ဗီဒီယိုများကို ဖန်တီးရန်အတွက် AI အသုံးပြုသူများသည် ၎င်းတို့ လိုချင်သည့် ပုံစံကို ခပ်ရိုးရိုးပင် အမိန့်ပေးစေခိုင်း၍ ရသည်။ ဥပမာအားဖြင့် “အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည် ကျရောက် ပေါက်ကွဲမှုကို လက်ကိုင်ဖုန်းဖြင့် တုန်တုန်ယင်ယင် ရိုက်ကူးထားသည့် ဗီဒီယို”ဟု ရေးသားခိုင်းစေခြင်းမျိုး ဖြစ်သည်။ ထိုအခါ AI ကိရိယာများသည် အဆိုပါတောင်းဆိုချက်အတိုင်း ဖြစ်စေရန်အတွက် ဗီဒီယိုထဲတွင် အစ္စရေးနိုင်ငံအလံ သို့မဟုတ် ဒေးဗစ် ကြယ်တံဆိပ် တို့ကိုပင် ထည့်သွင်းဖန်တီးပေးလေ့ရှိသည်။ အခြားသော AI ဗီဒီယိုအတော်များများတွင်လည်း အဆိုပါ အလံသင်္ကေတကို ထည့်သွင်းအသုံးပြုထားသည်ကို တွေ့ရှိရသည်။
AI က ဖန်တီးတဲ့ ဗီဒီယိုတွေများတွင် ဟော်လိဝုဒ်ရုပ်ရှင်များပင် အရှုံးပေးရလောက်အောင် မီးလုံးကြီးများနှင့် အထူးပြုလုပ်ချက် (Special Effects) တွေကို အသုံးများသည်။ တကယ်တမ်း စစ်မြေပြင်တွင်တော့ ပေါက်ကွဲမှုဖြစ်သည့် မီးလုံးကြီးများကို မြင်ကြရမည်မဟုတ်ဘဲ နောက်မှ ထွက်ပေါ်လာသည့် မီးခိုးလုံးကြီးများအဖြစ် တွေ့မြင်ရလေ့ရှိပြီး၊ ပစ်မှတ်ကို ထိမှန်ပြီး နောက်ပိုင်းတွင်မှသာ အနီးအနားရှိသူများက ထိုမြင်ကွင်းကို ဖုန်းဖြင့် အမီလိုက် ရိုက်ကူးကြခြင်း ဖြစ်သည်။
အခြားသော AI ဖြင့် ဖန်တီးထားသည့် ရုပ်ပုံနှင့် ဗီဒီယို ဒါဇင်ပေါင်းများစွာမှာလည်း ၎င်းတို့သည် အတုဖြစ်ကြောင်း ဖုံးကွယ်ရန်ပင် မကြိုးပမ်းကြတော့။ ယင်းအစား ၎င်းတို့သည် အစိုးရများ သို့မဟုတ် ဝါဒဖြန့်ချိရေး အဖွဲ့အစည်းများမှ ပုံမှန်ပြောဆိုလေ့ရှိသည့် နိုင်ငံရေးအကြောင်းအရာများကို အသက်ဝင်လာစေရန် ဖန်တီးထားသည့် ဒစ်ဂျစ်တယ် ဝါဒဖြန့် လက်နက်သစ်များအဖြစ် လုပ်ဆောင်နေကြဆဲပင် ဖြစ်သည်။
ဖေ့စ်ဘွတ်ခ် (တွစ်တာ ကိုတော့ မပြောလိုတော့) သည် ထိုကဲ့သို့သော AI အတုများ တင်သည်ကို အီလွန်မတ်စ် ကဲ့သို့ပင် ၎င်း၏ X တွင် ရက်ပေါင်း ၉၀ ပိတ်ပင်မည်ဟု ကြေညာသင့်ပေသည်။
မြန်မာရှိ စစ်တပ် အသိုက်အဝန်းကတော့ အီရန် အရေးနိမ့်သွားလျှင် ထရမ့်ပ်သည် ၎င်းတို့ဘက်သို့ လှည့်လာနိုင်သည်ဟု စိုးရိမ်ထိတ်လန့်နေကြပြီး ပျာယာခတ်နေကြကာ အတုအယောင်များဖြင့် အီရန်ဘက်က တတပ်တအား ပံ့ပိုးပေးနေကြပေသည်။
လှစိုးဝေ










