
သင်္ဘောသား အယောက် ၃၀ ကို တင်ဆောင်လာတဲ့ “ဒီးရှာ” အမည်ရှိ ကုန်သင်္ဘောတစင်းဟာ ဟော်မုဇ်ရေလက်ကြား အနီးမှာ တိုက်ခိုက်ခံခဲ့ရပြီး အရေးပေါ် ဖုန်းခေါ်ဆို အကူအညီ တောင်းခံခဲ့ တယ်လို့ ဇူလိုင် ၂၄ ရက်က သင်္ဘောသားတယောက်ထံက ပင်လယ်ပြင်သုံး VHF ရေကြောင်း ရေဒီယိုလိုင်းကနေ ရရှိတဲ့ အသံမှတ်တမ်းတွေအရ သိရပါတယ်။
အသံဖိုင်တွေပါ အချက်အလက်တွေအရ အမေရိကန် စစ်တပ်ကလို့ ယူဆရသူတယောက်ဟာ အီရန်ရေပြင်ပိုင်နက်ဘက်ကို ဦးတည်မောင်းနှင်နေတဲ့ ကုန်သင်္ဘောကို သတိပေးချက်တွေ မလိုက်နာဘူးဆိုပြီး ခုတ်မောင်းမှု မရပ်တန့်ရင် စက်ခန်းကို ပစ်ခတ်သွားမယ်လို့ သတိပေးခဲ့ပြီး စက်ခန်းထဲကနေ ထွက်သွားဖို့ ၁၅ မိနစ် အချိန်ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ "ဒီးရှာ" ကုန်သင်္ဘောဟာ အမည်မသိ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် သင်္ဘောပေါ်ပါ သင်္ဘောသား ၃၀ အတွက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သတင်းပို့ လာခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောဟာ ဟော်မုဇ်ရေလက်ကြားရဲ့ အရှေ့ဘက် အဝင်ဝအနီးမှာ ရောက်ရှိနေတယ်လို့လည်း သတင်းပို့ခဲ့တာပါ။
ဒီဖြစ်စဉ်ဟာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟော်မုဇ် ရေလက်ကြားတဝိုက် ရေကြောင်းသွားလာရေးဟာ လုံခြုံရေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ မကြာသေးခင်ကပဲ အီရန် ဆိပ်ကမ်းတွေကို ဝင်ထွက်သွားလာနေတဲ့ သင်္ဘောတွေကို ရေကြောင်းပိတ်ဆို့မှုတွေ ပြန်လည်စတင်နေတာလည်း ဖြစ်ပါတယ်။
Source:Reuters











