
အာဏာသိမ်းစစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပြီးစီးတာ ၄ လ ကြာရှိပြီဖြစ်ပေမဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဆက်လက် ဖမ်းဆီးခံနေရသူတွေ ရှိနေပြီး ဖမ်းဆီးခံရသူ အရေအတွက်က ၂၁၅ ယောက်ရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။
မေ ၁၉ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် မတ်လအထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စုက လူ ၁၈၂ ယောက် ဖမ်းဆီးခဲ့ပြီး NUG က ၂၆ ယောက်၊ PDF က ၅ ယောက်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက ၂ ယောက် ဖမ်းဆီးခဲ့ တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုဖမ်းဆီးခဲ့တဲ့ ၁၈၂ ယောက်ထဲမှာ ၁၀၈ ယောက်က အခုချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၆၂ ယောက်ကတော့ ဝရမ်းထုတ်ခံထားရပါတယ်။ နောက်ထပ် ၁၁ ယောက်ကိုလည်း ပြစ်ဒဏ် ချမှတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အသံအဖွဲ့ ဒါရိုက်တာ Zee Pe က “ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေကို သူက ထုတ်တယ်၊ ထုတ်ပြီး အဲဒီဥပဒေကို အသုံးချပြီးတော့ လူပေါင်း ၂၀၀ ကျော်ကို အရေးယူ ဖမ်းဆီးထားတယ် ပေါ့နော်။ ဆိုတော့ ပြီးတော့ ဒီလို ဖမ်းဆီးတယ်ပေါ့နော်၊ အရေးယူတဲ့ အရေအတွက်ကလည်း ဒီလို အများကြီး ရှိနေတာကိုက စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်၊ ဘာတရားမျှတမှု ဘာလွတ်လပ်မှုမှမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတာကို ထပ်ပြီးတော့ မီးမောင်းထိုးပြနေတယ် ဆိုတာကို ကျမတို့ တွေ့ရတယ်ပေါ့နော်။ အခုလို ရွေးကောက်ပွဲဥပဒေ အောက်ကနေပြီးတော့ ထောင်ဒဏ် ၃ နှစ်ကနေပြီးတော့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်နေတဲ့ဟာကိုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေကို ဒီ လုံးဝဥဿုံပေါ့နော် မရှိအောင်လို့ ရိုက်ချိုးထားတယ်၊ ချိုးဖောက်နေတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူအများစုကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့် အရေးယူ ထားပြီး ဖမ်းဆီးခံရသူတွေထဲမှာ သာမန်အရပ်သား အယောက် ၁၂၀၊ နိုင်ငံရေးသမား ၅၂ ယောက် အပြင် အနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေလည်း ပါဝင်နေပါတယ်။
လက်ရှိ ရွေးကောက်ပွဲပြီးဆုံးသွားလို့ ၄ လကြာလာတဲ့တိုင် ရွေးကောက်ပွဲဥပဒေနဲ့ ပုဒ်မ တပ်ထားတဲ့ သူတွေကို ခရီးသွားလာတဲ့နေရာတွေအထိ လိုက်လံဖမ်းဆီးနေတာမျိုးတွေ ရှိကြောင်းလည်း သိရပါတယ်။
တရားလွှတ်တော်ရှေ့နေတယောက်က “အခုလက်ရှိအထိလည်း ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီးတော့ ဥပဒေကို ချိုးဖောက်တယ်၊ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီး ဟန့်တားပါတယ် ဆိုတဲ့ ပုဒ်မတွေ တပ်ထားတဲ့ သူတွေကို အခုအချိန်ထိ စာရင်းဇယားလုပ်ပြီးတော့ အဲဒီလူတွေကို ခရီးသွားတဲ့နေရာတွေ၊ လေဆိပ်တွေမှာ သူတို့ရဲ့ နာမည်တွေနဲ့ကို တရားစွဲထားပါတယ် ဆိုပြီးတော့ ဖမ်းဆီးနေတဲ့ အဖြစ်အပျက်တွေ အခုအချိန်ထိ ရှိနေတုန်းပဲ။ ဒီရွေးကောက်ပွဲသည် ဘယ်နည်းနဲ့မှ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ကိုမဖြစ်ဘူး ဆိုတာ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ဖမ်းဆီးခံထားရတဲ့သူတွေက သက်သေပဲ။ လက်ရှိ ရွေးကောက်ပွဲ ပြီးသွားတာတောင် အခုထိ တရားစွဲနေတုန်းပဲ၊ အခုအချိန်ထိ ရှိနေတုန်းပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စွဲထားတဲ့သူ အကုန်လုံးနီးပါးဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီး ဟန့်တားစေလိုမှု ဆိုတဲ့ ဥပဒေပုဒ်မ ၂၃(က) နဲ့ပဲ စွဲချက်ခံထားရတဲ့သူ များပါတယ်” လို့ ပြောပါတယ်။
ဒေသအလိုက်ကြည့်ရင် ရန်ကုန်တိုင်းမှာ ၄၅ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်းမှာ ၃၇ ယောက်၊ ကရင်ပြည်နယ်မှာ ၃၅ ယောက်အပြင် ချင်း၊ မန္တလေး၊ ရှမ်း၊ မွန် စတဲ့ ဒေသ ၁၅ ခုကနေ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အစီရင်ခံစာမှာ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ ရွေးကောက်ပွဲကို ဝေဖန်သူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ နေရပ်လိပ်စာတွေကို ဖော်ပြပြီး ပစ်မှတ်ထား ဖမ်းဆီးနိုင်ဖို့ လှုံ့ဆော်မှု တွေ လုပ်ခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။
ဝေဝေ











