
ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ နိခုမ်းဖတ်ထနားမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစု အပါအဝင် နိုင်ငံခြားသား ၃၂ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
လယောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ အလုပ်သမားရုံး၊ ပြည်တွင်းလုံခြုံရေးကောင်စီ၊ အထူး စစ်ဆင်ရေးရဲတပ်ဖွဲ့ စတဲ့ ဌာနကတာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်က နိခုမ်းဖတ်ထနားမြို့နယ်၊ မာ့ခမ်ခုရပ်ကွက်တွင်းရှိ စွမ်းလိတ်ထက်လိုင်း ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ အလုပ်လုပ်ပိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေသူ ၊ ခွင့်ပြုချက်မရတဲ့ လုပ်ငန်း အမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃ ယောက်နဲ့ အိုဗာစတေး နေထိုင်ခွင့် သက်တမ်း ၁၁ ရက် ကျော်လွန်တဲ့အပြင် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား နောက်ထပ် ၁ ယောက် စုစုပေါင်း ၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ဒါအပြင် အလုပ်သမားကတ်မရှိ၊ ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက် ၊ အထောက်အထားရှိပေမဲ့ အလုပ်ရှင်မတူ၊ လုပ်ငန်းလိပ်စာမတူ၊ လုပ်ငန်းအမျိုးအစားမတူ၊ အလုပ်ပြောင်းလဲကြောင်း သက်ဆိုင်ရာကို အကြောင်းကြားရန် ပျက်ကွက် သူ ၁၂ ယောက် စုစုပေါင်း မြန်မာနိုင်ငံသား ၂၈ ယောက် ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူ ၃၂ ယောက်လုံးကို အလုပ်သမားဥပဒေ ၊ လဝက ဥပဒေတွေနဲ့ အရေးယူဖို့ နိခုမ်းဖတ်ထနားနယ်မြေရဲစခန်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံထားတယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၂၇ တရက်တည်းမှာဘဲ စမွတ်ဆုန်ခရမ်းခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာလည်း ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာလုပ်သား ၂၁ ယောက်နဲ့ တရုတ်နိုင်ငံသား ၁ ယောက်တို့ ဖမ်းဆီးခံခဲ့ရပါတယ်။
စမွတ်ဆုန်ခရမ်းမြို့၊ ဘန်ကယောက်ရပ်ကွက် နယ်မြေ ၂ ရှိ ငါးလုပ်ငန်းဂိုဒေါင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တရားမဝင်လုပ်သားတွေ ငှါးရမ်းလုပ်ကိုင်နေကြောင်း သတင်းပေးချက်ရတာကြောင့် ခရိုင်လုံခြုံရေးကောင်စီ၊ ခရိုင်အလုပ်သမားရုံး၊ လဝက ရဲတပ်ဖွဲ့ နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်း အဖွဲ့ဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်၊ လုပ်ငန်းခွင်မှာ ထိုင်းနိုင်ငံသား တယောက်မှ မရှိဘဲ နေထိုင်ခွင့်အထောက်အထားမရှိ၊ အလုပ်သမားမှတ်ပုံတင် ကတ်လည်း မရှိပါဘဲ ဆောက်လုပ်ရေး ( ပန်းရံ ) ဝင်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက် ( အမျိုးသား ၁၆ ၊ အမျိုးသမီး ၅ ) တို့ကို ဖမ်းဆီးရမိတယ်။
ဒါ့အပြင် GUANGZHI CAO ဆိုသူ တရုတ်အမျိုးသားတယောက်ဟာ လုပ်ငန်းကြီးကြပ်နေတယ်။ ဒါပေမဲ့ သူဟာ ထိုင်းနိုင်ငံမှာ အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်နေထိုင်နေပြီး အလုပ်လုပ်ခွင့်လက်မှတ် တစုံတရာ မရှိတာကြောင့် သူ့ကိုပါ ဖမ်းဆီးလိုက်ပါတယ်။
သူတို့ ၂၂ ယောက်လုံးကို လဝက ဥပဒေ ၊ အလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ ဆမွတ်ဆုန်ခရမ်း နယ်မြေရဲတပ်ဖွဲ့ထံ ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: Khaosod / MGROnline











