
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဒီးဒူးပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီးဒူးပင်ကို သိပ္ပံလို Bombax ceiba / Bombax malabaricum လို့ခေါ်ပြီး အင်္ဂလိပ်လို Kapok tree, Red Cotton Tree, Indian bombax, Red silk cotton tree, Silk Cotton, Malabar Semul, Silk Cotton Tree လို့ခေါ်ကြပါတယ်။
ဒီးဒူးပင်မှာ Gallic acid,, tannic acid, fatty acid,myristic acid, palmitic acid, arachidic linoleic acid, oleic acid,linarine, cosmetine, apigenine, isovitexine,vicenine ,lupeopl, hentriacontane, gossypol, isomangiferin, mangiferin, Quercetine, flavonoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပါတယ်။
ဒါ့အပြင် ဒီးဒူးပင်ဟာ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးအာနိသင်ရှိခြင်း၊ သွေးတတိတ်ဆေးအာနိသင်ရှိခြင်း၊ အဏုဇီဝ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ကင်ဆာဖြစ်ကို ဆန့်ကျင်ခြင်း၊ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ သွေးပေါင်ချိန် လျော့ချပေးခြင်း၊ သွေးတွင်းအဆီနဲ့ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း၊ လိင်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအနိသင်ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ဒီးဒူးပင်ရဲ့ အသီး၊ အပွင့်၊ အရွက်၊ အမြစ်၊ ပင်စည်အခေါက်၊ အညှာ၊ အစေ့၊ ဆူး၊ အစေးတို့ကို သုံးစွဲကြပါတယ်။ သွေးဝမ်းသွားခြင်းအတွက် ဒီးဒူးပင်စည်အခေါက် ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန်တဝက်ကို နို့ဆီ ကော်ဖီ ၁ ဇွန်း နဲ့ တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
သွေးစုနာ၊ ဝက်ခြံ၊ မှဲ့ခြောက်တွေမှာ ဒီးဒူးအခေါက်/ဆူးကို သွေးပြီး လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ အူလမ်းကြောင်းမအီမသာဖြစ်ခြင်းအတွက် ရိုးတံနဲ့အညှာကို နွားနို့နဲ့ပြုတ်ပြီး တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဒီးဒူးအကိုင်းအခက်တွေကို ရေအေးထဲမှာ တညလုံး စိမ်ထားပြီး နောက်တနေ့ မနက်မှာ ဖန်ခွက် ၁ ခွက်စာကို ပျားရည် ကော်ဖီ ၁ ဇွန်းထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။
ဒီးဒူးပွင့်ကို ရေနွေးမှာ တညလုံးစိမ်ထားပြီး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို မုန်းညှင်းစိမ်းအမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေး အပူငြိမ်းစေပြီး သွေးကို သန့်စေပါတယ်။
ဒီးဒူးပင်ဆူးတွေကို အမှုန့်ပြုလုပ်ပြီး နို့နဲ့နယ်ကာ အခဲလေးတွေပြုလုပ်ပြီး တင်းတိပ်နဲ့ ဝက်ခြံတွေမှာ လိမ်းပေးနိုင်ပါတယ်။
ဒီးဒူးခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို နို့ ၁ ခွက်နဲ့ ညအိပ်ချိန် သောက်ပေးခြင်းဖြင့် လိင်စွမ်းအားကို တိုးစေပြီး ပန်းသေပန်းညှိုးဖြစ်ခြင်းကို သက်သာစေပါတယ်။
အူလမ်းကြောင်း သွေးယိုခြင်းမှာ ဒီးဒူးပွင့်ကို ဒိန်ခဲနဲ့ချက်ပြီး ဆားအနည်းငယ် ထည့်ကာ စားသုံးပေးခြင်းဖြင့် သွေးယိုခြင်းကို သက်သာလာစေပါတယ်။
ဒီးဒူးအခေါက်သွေးရည်ကို ခြေထောက်မှာ လိမ်းပေးခြင်းဖြင့် ပူလောင်တဲ့ ဝေဒနာကို သက်သာစေပါတယ်။
သွေးဝမ်းသွားခြင်း၊ ဝမ်းလျှောခြင်းတို့မှာ အမြစ်သွေးရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ရာသီသွေးလွန်ခြင်းအတွက် အမြစ်သွေးရည် တခါသောက် ဟင်းစားဇွန်း တ ဇွန်းကို သကြား ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
မီးယပ်ဖြူဆင်းခြင်းအတွက် အပွင့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို သကြားကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ထိခိုက်ရှနာများမှာ အမြစ်ကို သွေးပြီး လိမ်းပေးနိုင်ပါတယ်။ ဆီးနီ/နည်းခြင်း ၊ဆီးအနည်ထိုင်ခြင်း၊ ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်ပြဿနာတွေမှာ အသီးပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက် ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါမှာ အပွင့်ကို ဟင်းချိုချက် သောက်ပေးခြင်းဖြင့် သွေးယိုခြင်းနဲ့ ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ဝမ်းကိုက်ရောဂါအတွက် အပင်အစေး ကော်ဖီ ဇွန်းဝက်ခန့်ကို ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ခံတွင်းအနာတွေမှာ အစေးကို သိပ်ပေးခြင်း၊ အခေါက်ပြုတ်ရည်ကို ငုံဆေးအဖြစ် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဒီးဒူးပင်ဆူးကို သွေးလိမ်းခြင်းက အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
အရွက်ကို နွေးကြမ်းအဖြစ် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်းကို လျော့နည်းစေပြီး ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ဒီးဒူးပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ သွေးပေါင်ကျခြင်း၊ tannin ပါဝင်မှု မြင့်မားခြင်းကြောင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီးဒူးပွင့်နဲ့ ဓာတ်မတည့်သူများ ဒီးဒူးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ဒီးဒူးပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။
သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)










