DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာဆရာများ သင်ကြားနေသည့် ကိုယ်ပိုင်စာသင်ကျောင်း စစ်ဆေးအရေးယူခံရ 
DVB
·
June 1, 2026
Photo: thansettakij.com
Photo: thansettakij.com
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခလောင်းတန်နယ်မြေ၊ ဆုခိုဝစ်လမ်းထဲမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်စာသင်ကျောင်းတကျောင်းကို တာဝန်ရှိသူတွေက မေ ၂၉ ရက် နေ့ခင်းပိုင်းက သွားရောက်စစ်ဆေး အရေးယူခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါရပ်ကွက်ထဲမှာ နိုင်ငံခြားသားတွေ တရားမဝင်စာသင်ကျောင်း ဖွင့်လှစ်ထားကြောင်း တိုင်ကြားချက်ရတာကြောင့် အမှတ် ၁ နယ်မြေ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ နယ်မြေပညာရေးဌာန၊ နယ်မြေခံရဲတွေပါတဲ့ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှုး နိုင်းမောလကွတ်ဆီဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

စာသင်ကျောင်းမှာ သူငယ်တန်းမှ အလယ်တန်းဆင့်ထိ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် သင်ကြားပြီး  နိုင်ငံခြားကလေးသူငယ်တွေ ဖြစ်သလို သင်ကြားပြသသူ ဆရာ၊ ဆရာမတွေမှာလည်း နိုင်ငံခြားသားတွေ ဖြစ်တယ်။ စာသင်ကျောင်းဖွင့်လှစ်လာတာ ၅ နှစ်လောက်ရှိနေပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ အထောက်အထား မရှိဘူး။ ဆရာ၊ ဆရာမ ၆ ယောက်ဟာ ဖိလစ်ပိုင်နဲ့  မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ထဲမှာ တယောက်က အလုပ်လုပ်ခွင့်မှတ်ပုံတင် မရှိဘူး၊ နောက်ထပ် ၅ ယောက်ကတော့ အလုပ်သမားကတ် ရှိပေမဲ့ ခွင့်ပြုချက်မရှိတဲ့ အလုပ်အမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်နေတယ်၊ ဒါကြောင့်  အလုပ်သမားဥပဒေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဲဒီကျောင်းကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ဖို့နဲ့ အလုပ်ရှင်၊ လုပ်ငန်းရှင်နဲ့ နိုင်ငံခြားသားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်နဲ့ ပြစ်ဒဏ်အကြောင်းတွေကိုပါ အသိပညာ ပေးခဲ့ပါတယ်။

စာသင်ကျောင်းတွေမှာ ဆရာအဖြစ် အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားမဲ့ နိုင်ငံခြားသားတွေဟာ  လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံအတွင်းကို ယာယီနေထိုင်ခွင့်ဗီဇာ (NON-IMMIGRANT VISA) နဲ့ ဝင်ရောက်လာရမှာ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွား ဒါမှမဟုတ် ဖြတ်သန်းသွားလာသူဗီဇာ (TOURIST/TRANSIT VISA) နဲ့ ဝင်ရောက်လာသူတွေ မဖြစ်ရဘူး။ အလုပ်လုပ်ခွင့်ပါမစ် လျှောက်လွှာကို ဆရာအတတ်ပညာဆိုင်ရာ အထောက်အထား၊ တခြား သက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့အတူ မိမိသင်ကြားမဲ့ကျောင်း တည်ရှိရာ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး ဒါမှမဟုတ် ဘန်ကောက် အလုပ်အကိုင်ရှာဖွေရေး နယ်မြေရုံး (၁ မှ ၁၀) မှာ လျှောက်ထားရမယ်လို့ အလုပ်သမားရုံးညွှန်မှုးက ပြောပါတယ်။

နိုင်ငံခြားသား ဆရာတွေဟာ သင်ကြားရေးဌာနမှာ အလုပ်လုပ်ကိုင်ခွင့်ပါမစ် မရှိဘဲ ဒါမှမဟုတ် ခွင့်ပြုချက်မရတဲ့အလုပ် လုပ်ကိုင်ပါက ဥပဒေအရ ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိ ချမှတ်ခံရမဲ့ အပြင် ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်တယ်။ စာသင်ကျောင်းအနေနဲ့လည်း  သင်ကြားရေးမှာ နိုင်ငံခြားသားကို အလုပ်ခန့်အပ်တာ ဒါမှမဟုတ်  ခွင့်ပြုချက်ပြင်ပ အလုပ် လုပ်ကိုင်ခွင့် ပြုတဲ့အတွက် ဥပဒေအရ တယောက်ကို ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ချမှတ်ခံရမယ်။

ဒီပြစ်မှုမျိုး နောက်ထပ်ကျူးလွန်ပါက နိုင်ငံခြားသားတယောက်ကို ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိလည်းကောင်း၊ ပြစ်ဒဏ်နှစ်ရပ်လုံး သော်လည်းကောင်း ချမှတ်ခံရမဲ့အပြင် အဆိုပါကျောင်းအနေနဲ့ နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ခြင်း ၃ နှစ်ထိ ပိတ်ပင်တားမြစ်ခံရမယ်လို့ ဆိုပါတယ်။

Source: Thai PBS / Bright TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013