
မြန်မာပြည်တွင်းကလူငယ်တွေ အတင်းအဓမ္မ ဖမ်းဆီးခံနေရတာနဲ့ ပေါ်တာဆွဲခံနေရတာတွေဟာ စစ်မှုမထမ်းဘဲ တိမ်းရှောင်ကြနေလို့ ဖြစ်ရတာလို့ စစ်အာဏာရှင်ခန့် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
ဇူလိုင် ၂၂ ရက်မှာ ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဂုဏ်ဝမ်းရဲ့ ဆွေးနွေးချက်နဲ့ပတ်သက်ပြီး အခုလို ခုခံပြောကြားသွားတာပါ။
ဗိုလ်ချုပ်မင်းသူက “တိမ်းရှောင်သူများကို လမ်းခရီးကနေ စောင့်ကြည့် ဆင့်ခေါ်ခြင်း၊ နေအိမ်များတွင် ဝင်ရောက် ဆင့်ခေါ်ခြင်းများအား တာဝန်ရှိသူများ ဆောင်ရွက်တဲ့အခါ အများပြည်သူအမြင်မှာ အဓမ္မ ဖမ်းဆီးခြင်း သဘောများ ဖြစ်ကြောင်း တွေ့ရှိရပါတယ်” လို့ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင် ဦးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်ထက်မှာ စတင်အကောင်အထည်ဖော် ကျင့်သုံးခဲ့ပြီး နောက်ပိုင်း ပြည်တွင်းက လူငယ်တွေကို အဓမ္မတဖမ်းဆီးတာတွေ၊ ပေါ်တာဆွဲတာတွေကို စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာပါ။
အဲဒီလိုလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဂုဏ်ဝမ်းက မေးခွန်းထုတ်ခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ လုပ်ဆောင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ပေမဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီဘဲ အတင်းအဓမ္မ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ သူက ပြောသွားပါတယ်။
ဦးဂုဏ်ဝမ်းက “လမ်းမပေါ်၊ မြို့ဝင်ဂိတ်နဲ့ လူနေအိမ်ထဲအထိ ဝင်ရောက်ပြီး ဖမ်းဆီးနေခြင်းဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတချို့မှာ ကျောင်းသားများလည်း ပါဝင်နေကြောင်း သိရှိရပါတယ်” လို့ ပြောပါတယ်။
ပြည်ထဲရေး ဒုဝန်ကြီးကတော့ စစ်မှုမထမ်းဘဲ တိမ်းရှောင်နေတဲ့ လူငယ်တွေကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်မှုထမ်းဆင့်ခေါ်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီလို တိမ်းရှောင်နေသူတွေကိုလည်း စစ်မှုထမ်းဥပဒေနဲ့အညီ အရေးယူဖို့ လုပ်နေပြီး အဲဒီလို အရေးယူခံရမဲ့ လူငယ် ၁၆ ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ စစ်မှုထမ်းအကျုံးဝင် လူငယ်တွေကို စစ်အုပ်စုနဲ့ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ပျူစောထီးတွေက မတရားဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ရောင်းစားတာတွေ၊ ငွေပေးပြီး ပြန်ရွေးခိုင်းတာတွေကြောင့် လူငယ်တွေဟာ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။











